
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဖုန်းအရောင်းအ၀ယ်ပြုလုပ်သည့် လူငယ် လေးဦးထက်ထက်မနည်းကို စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။
ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်၊ မြို့ပါတ်လမ်းနှင့်ကမ်းနားလမ်းတွင်နေထိုင်သော လူငယ်အချို့၏ နေအိမ်များကို ဩဂုတ် ၂၂ ရက်နေ့က စစ်ကားများဖြင့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ငွေဆောင်မှာ စရဖရဲ့ သေနတ်နဲ့ဖုန်းပျောက်တဲ့ကိစ္စက ဖုန်းကို ပုသိမ်မှာလာရောင်းတယ်ဆိုလို့ ဖုန်းအဟောင်းရောင်း၀ယ်လုပ်တဲ့သူအချို့နဲ့ ဖုန်းပြင်တဲ့သူအချို့ကို ညတွင်းချင်းလာဖမ်းတာ”ဟု ပုသိမ်မြို့နယ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ငွေဆောင်မြို့တွင် သြဂုတ် ၁၉ ရက်နေ့က စရဖတပ်ဖွဲ့၀င် အောင်မြင့်ဦး ဆိုသူ၏ သေနတ်၊ ဖုန်းနှင့် ငွေသားများပျောက်ဆုံးခဲ့ပြီးနောက် ဒေသခံအချို့ဖမ်းဆီးခံခဲ့ရကာ ဖုန်းကို ပုသိမ်မြို့တွင် လာရောက်ရောင်းချသည်ဟု သတင်းရသဖြင့် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများကို စစ်ဆေးနေပြီး ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။