နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်းတစ်အတွက် ကြေညာထားသည့် ဒေသများအနက် စစ်ကိုင်းတိုင်းပါဝင်နေပြီး ဒေသခံအများအပြား တိမ်းရှောင်နေရကာ နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိ၍ မြို့ပေါ်၌သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၀၂ မြို့တွင် လာမည့် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာပြီး ယင်းအနက် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ် ပါဝင်နေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ ကျေးလက်အများစုကို စစ်ကော်မရှင်က လက်လွှတ်ထားရပြီး မြို့ပေါ်လောက်သာ ထိန်းချုပ်ထားနိုင်သော်လည်း အဆိုပါနေရာများတွင် ၎င်းတို့၏ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်သွားနိုင်ခြေရှိကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် မချောစုစံက ဆိုသည်။

“လက်ရှိမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သူတို့မထိန်းချုပ်နိုင်၊ လက်လွှတ် ထားရတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာရှိတယ်။ စစ်ရေးအရ တင်းမာနေတာတွေ တောက်လျှောက်ရှိတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းမပမည်ဆိုသည့် မြို့နယ် ၁၂ မြို့နယ်မှာ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းအပါအဝင် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မုံရွာ၊ ရွှေဘိုနှင့် ဟုမ္မဟင်းတို့ဖြစ်ကြောင်း သိရသည်။

“စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်း သုံးပြီးတော့ စစ်ကြောင်းထိုးတာမျိုးတွေ ရှိနေတော့ ဒေသခံတွေ တိမ်းရှောင်နေကြရတာ ပမာဏအားဖြင့် တော်တော်လေး များတဲ့အနေအထားမှာ ရှိပါတယ်” ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် မချောစုစံက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင် ကောက်ယူခဲ့သည့် ၂၀၂၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ နာဂဒေသဖြစ်သည့် သုံးမြို့နယ်၌သာ လူစာရင်းအပြည့် ကောက်ယူနိုင်ကာ ကျန်မြို့နယ်များတွင် ခန့်မှန်းလူဦးရေ အများအပြား ထည့်သွင်းထားကြောင်း သိရသည်။

ထို့အတူ စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနှင့် အင်းတော် ကိုး မြို့နယ်၌လည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသလို စစ်ကော်မရှင်အနေဖြင့် လက်လွှတ်ထားရကြောင်း သိရသည်။

“မြို့ပေါ်အခြေအနေမှာလည်း ကျွန်တော်တို့ စိုးမိုးနယ်မြေနဲ့ အရမ်းနီးကပ်တဲ့ မြို့နယ်နဲ့ စိုးမိုးနယ်မြေနဲ့ ရောတဲ့ အခြေအနေ၊ မြို့အကြီးအသေးပေါ်မှာ မူတည်ပြီး လုပ်သွားမယ့် အခြေအနေရှိတယ်” ဟု စစ်ကိုင်းဖက် ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန့်ဘလူမြို့နယ်တွင် မြို့ နှစ်မြို့နှင့် ကျေးရွာပေါင်း ၂၆၉ ရွာ တည်ရှိသည့်အနက် အာဏာသိမ်း စစ်ကော်မရှင်အနေဖြင့် မြို့ နှစ် မြို့နှင့် ကျေးရွာ ၃၄ ရွာကိုသာ ထိန်းချုပ်ထားနိုင်သောကြောင့် ၎င်းတို့၏ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဟု တွက်ချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကျေးရွာပေါင်း ၂၃၅ ရွာကို စိုးမိုးထိန်းချုပ်ထား သောကြောင့် ထိုမြို့နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံးဝ မဖြစ်နိုင်ကြောင်း ဩဂုတ် ၂၃ ရက်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MOI