ဧရာဝတီတိုင်းမ်
(တီးတိန်)၊ သြဂုတ် ၂၆ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ မွာလ်ဘင်း၊ ဇန်ဇောလ်ကွာ နှင့်လေဟေးကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က မွာလ်ဘင်းနှင့် ဇန်ဇောလ်ကွာရွာတွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဟေလေးကျေးရွာကို တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတာပါ။ မွာလ်ဘင်းရွာ နဲ့ ဇန်ဇောလ်ရွာမှာ ဗုံးသီး ၇ လုံးလောက် ကြဲသွားတယ်။ ၅ လုံးလောက် ပေါက်ကွဲသွားတယ်။ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး။ လေဟေး ရွာဘက်မှာ ကလေးတစ်ဦး ခြေထောက်မှာ မစိုးရိမ်ရ ဒဏ်ရာရတယ်။”ဟု တီးတိန်မြို့နယ် ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့် မွာလ်ဘင်းကျေးရွာနှင့် ဇန်ဇောလ်ကွာကျေးရွာ နေရာများတွင် လူနေအိမ်များ မရှိသည့်အတွက် အရပ်သားများ ထိခိုက်မှုခဲ့ခြင်းမရှိသော်လည်း သစ်တောများ ပျက်စီးသွားကြောင်း သိရသည်။

တီးတိန်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (တီးတိန်) သည် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က မွှာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကော်မရှင်သတင်းပေးဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၉ ရက်ကြာတွင် စစ်ကော်မရှင်က မွာလ်ဘင်းရွာအပြင် ၎င်းကျေးရွာ အနီးအနားရှိ ဇန်ဇောလ်၊ ဟေလေး စသည့် ကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ဇန်ဇောလ်ကျေးရွာကို တွေ့ရစဥ်။