ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် လှေပေါ်သို့ ဒရုန်းဗုံးသီးများ ချနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်မှ ဒရုန်းကျွမ်းကျင်အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေမတွေ့ရှိရသေးသဖြင့် ပျောက်ဆုံးစာရင်း တွင်သာ ထည့်သွင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မှ ပို့ဆောင်လာသည့် ဒရုန်းဗုံးသီးများကို ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ညပိုင်းက ပုလော ဆိပ်ကမ်းတွင် လှေပေါ်သို့ ရွှေ့ပြောင်းနေစဉ် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒရုန်းဗုံးသီးများ လွတ်ကျပေါက်ကွဲခဲ့ခြင်းကြောင့် ပုလောမြို့ရှိ အချို့နေရာများတွင် မြေပြင်တုန်ခါမှုများပင် ခံစားခဲ့ ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။

“ရေကျပေမယ့် နစ်သွားတဲ့လှေထဲမှာ ဗုံးသီးတွေ ရှိနေသေးလို့ မဆယ်ရဲကြဘူး။ ပေါက်ကွဲတဲ့ အသီးတွေက 81mm အသီးတွေ။ အတော်များများ အစအနတောင် ရှာမရသေးဘူး” ဟု ဆိပ်ကမ်းရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် ဒရုန်းကျွမ်းကျင်အရာရှိနှင့် တပ်ဖွဲ့ဝင်များမှာ အလောင်းကောက်မရ၍ ပျောက်ဆုံး စာရင်းတင်ထားပြီး ယမန်နေ့ ဩဂုတ် ၂၅ ရက်နေ့က စစ်ကော်မရှင် တစ်သားတစ်ဦးနှင့် လှေသမား တစ်ဦး၏ ရုပ်အလောင်းရရှိကြောင်း ဒေသခံများထံမှ သိရသည်။

အခြားထိခိုက်ဒဏ်ရာရသူ စစ်ကော်မရှင်တပ် အရာရှိနှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို မြိတ်စစ် ဆေးရုံ၌ ကုသလျက်ရှိပြီး အချို့မှာမူ ပုလောပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကော်မရှင်အနေဖြင့် ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် အရပ်သား များအတွက် မည်သည့်ထောက်ပံ့ကြေးမှ ပေးအပ်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ပုလောဆိပ်ကမ်းတစ်နေရာ(ပုံဟောင်း)