
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာ၊ သတင်းစာဆရာ ချစ်စံဝင်း (ခ) ဦးချစ်စံ အသက် (၈၆) နှစ်သည် ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး လာမည့် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေဝေးသုဿာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။
ချစ်စံဝင်း (ခ)ဦးချစ်စံကို ၁၉၄၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကံကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့တွင် စတင်အလုပ်ဝင်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၆၇ မှ ၁၉၈၈ ခုနှစ်အထိ စာပေ အယ်ဒီတာနှင့် အယ်ဒီတာချုပ် ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။
စာရေးဆရာချစ်စံဝင်းသည် သတင်းစာနှင့် မဂ္ဂဇင်းများစွာတွင် ဆောင်းပါးများ ရေးသားခဲ့ပြီး၊ ဆောင်းပါး ပေါင်း ၉,၀၀၀ ခန့်၊ စာအုပ်ပေါင်း ၂၁၀ ကျော် နှင့် ရုပ်ရှင်ဇာတ်ညွှန်း ငါး ပုဒ်အပါအဝင် စာပေ လက်ရာများစွာကို ဖန်တီးခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ကိုယ်ပိုင်ထုတ်ဝေရေးဖြစ်သည့် “ပန်းမျိုး တစ်ရာ စာပေတိုက်” ကို တည်ထောင်ခဲ့ပြီး စာအုပ်ပေါင်း ၁၀၀ ကျော် ထုတ်ဝေနိုင်ခဲ့သည်။
စာပေဆုများအနေဖြင့် “ဤခရီးနီးသလား” (၁၉၈၆) နှင့် “ဆန်ဖွပ်သည့်အဖိုးအို” (၁၉၉၀) စာအုပ်များဖြင့် အမျိုးသားစာပေဆု နှစ်ကြိမ် ရရှိခဲ့သည်။ ထို့အပြင် တစ်သက်တာ အမျိုးသားစာပေဆုကို ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့ပြီး၊ ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် နိုင်ငံတကာ ဆုများဖြစ်သည့် International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သည်။
ဆရာချစ်စံဝင်းသည် လူမှုရေး၊ ဘာသာရေး၊ သမိုင်းဆိုင်ရာနှင့် ရှေးဟောင်းပစ္စည်းများအကြောင်း စသည့် ဘာသာရပ်များစွာကို ကျွမ်းကျင်စွာ ရေးသားခဲ့ပြီး၊ ဓမ္မစေတီခေါင်းလောင်းကြီး လျို့ဝှက် ချက်များ နှင့် ပျူခေတ်နှင့်သက်ဆိုင်သည့် သမိုင်းမှတ်တမ်းဆိုင်ရာ စာအုပ်များကြောင့်လည်း ထင်ရှား ကျော်ကြားသူတစ်ဦး ဖြစ်သည်။