
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကော်မရှင်က လေကြောင်းမှ ပေါင် ၅၀၀ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၅ရက်၊ ည (၁၁) နာရီ ( ၂၅) မိနစ်ခန့်တွင် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် ငါးဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀) ဦးထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် ရှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု AA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့များတွင်လည်း စစ်ကော်မရှင်သည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့သည်။
ထို့အပြင် မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ ခန့်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား သေဆုံးသူ (၁၂) ယောက်၊ ဒဏ်ရာရရှိသူ (၂၃) ယောက် နှင့် လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရသည်။
ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်အား စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်၌ အာရက္ခတပ်တော်က ထိန်းသိမ်းထားသော စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၂၆) ယောက်၊ ဒဏ်ရာရရှိသူ (၁၂) ယောက် နှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရသည်။
နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော စစ်တပ်သည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်ဟု AAက ဖော်ပြထားသည်။
အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AAကဆိုသည်။
ထို့အပြင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုများရှိပါက ထပ်မံတင်ပြပေးသွားပါမည်ဟုလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။
ဓါတ်ပုံ- western news
ပုံစာ- မြောက်ဦး ဒိုင်းကျီရပ်ကွက်မှဗုံးထိမှန် သေဆုံးသွားကြသူများ