
“စစ်ကောင်စီ တိုင်းပြည်ကို မထိမ်းနိုင်တော့ပြီ၊ ပြည်သူ့တော်လှန်ရေး မုချအောင်မည်”(အယ်ဒီတာ့အာဘော်)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ယနေ့ဆိုလျှင် ဗိုလ်မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က တိုင်းပြည်အာဏာသိမ်းခဲ့မှုက အချိန် ၁၉ လ တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
ဗိုလ်မင်းအောင်လှိုင်တို့၏စစ်တပ်က NLD ပါတီကို မဲလိမ်မဲခိုးသည်ဟု စွပ်စွဲခဲ့သည်။ ပြီးတော့ စစ်တပ်က မဲစာရင်း ဝင်စစ်သည်။ တကယ်တော့ စစ်တပ်ဟူသည် ပြည်သူပေးသောလစာကို စားနေသည့် တိုင်းပြည်၏ ဝန်ထမ်းများသာ ဖြစ်သည်။ မဲစာရင်းစစ်ခြင်းသည် စစ်တပ်အလုပ် မဟုတ်ပေ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲက စီမံခန့်ခွဲမှု အားနည်းချက်တချို့ရှိခဲ့သည်ကလွဲ၍ ပြည်သူ့ဆန္ဒနှင့် တထပ်ထည်းကျသော ရွေးကောက်ပွဲဟု ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
အကယ်၍ ရွေးကောက်ပွဲ မသမာမှုများရှိသည်ဆိုလျှင် ရွေးကောက်ပွဲဥပဒေအတိုင်း ရွေးကောက်ပွဲ ကော်မရှင်၊ တည်ဆဲအစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတို့ ရှင်းလင်းကြရမည့်ကိစ္စသာဖြစ်သည်။ ကာကွယ်ရေး တာဝန်သာရှိသော နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် စစ်တပ်နှင့် လားလားမျှမဆိုင်သည့်ကိစ္စ ဖြစ်သည်။
သို့သော် ၁၉၆၂ ခုနှစ်မှစ၍ ပြည်သူများအပေါ် အကြမ်းဖက်၊ အနိုင်ကျင့်၊ လူပါးဝခဲ့သော ဗိုလ်နေဝင်း ဖျက်ဆီးထားသဖြင့် ပျက်စီးယိုယွင်းနေသော မြန်မာ့တပ်မတော်၏ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်သည် ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် NLD ပါတီ မဲခိုးသည်ဟူသော ယုတ္တိမရှိသည့်အကြောင်းပြချက်ဖြင့် ပြည်သူတင်မြှောက်သောအစိုးရကို ဖမ်းဆီးပြီး
တိုင်းပြည်အာဏာကို လက်နက် အားကိုးဖြင့် အဓမ္မ သိမ်းယူခဲ့သည်။
ဗိုလ်မင်းအောင်လှိုင်တို့ အာဏာသိမ်းစစ်အုပ်စုသည် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများကို အထင်သေးခဲ့သည်။ မြန်မာလူငယ်တွေကို အထင်သေးကာ လျှော့တွက်ခဲ့သည်။ ယခင် သူ့ဆရာ ဗိုလ်သန်းရွှေ ခေတ်ကလို ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးထောင်ချ သတ်ဖြတ်တာတွေ လုပ်ပြလိုက်လျှင် ပြည်သူအားလုံး ကြောက်ရွံ့နောက်တွန့်သွားမည်ဟု
ယူဆခဲ့သည်။
စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ငြိမ်သက်သွားပြီးနောက် ၎င်းတို့၏ဆရာကြီးများဖြစ်သည့် တရုတ်နှင့်ရုရှားကဲ့သို့သော နိုင်ငံကြီးများ၏နောက်ခံအင်အားဖြင့် ၎င်းတို့ မြန်မာနိုင်ငံကို သာသာယာယာ အုပ်ချုပ်လို့ရမည် ဗိုလ်မင်းအောင်လှိုင်တို့ တွက်ဆခဲ့သည်။
မြန်မာပြည်သူတို့သည် စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြွေးကြော်ခဲ့သည် “လုံး၀ အုပ်ချုပ်ခွင့် မရစေရ”ဟူသော သံဓိဌာန်အတိုင်း ယနေ့အထိ ချီတက်နေဆဲဖြစ်သည်။ မြန်မာပြည်သူလူထုနှင့် Generazation – Z လူငယ်တို့၏ နည်းမျိုးစံဖြင့် ဆန့်ကျင်တော်လှန်နေမှုကြောင့် အာဏာသိမ်း စစ်တပ်သည် အချိန် ၁၈ လကြာသည်အထိ
မြန်မာနိုင်ငံကို တည်ငြိမ်အောင် မထိမ်းချုပ်နိုင်ဘဲ အပြည့်အ၀ အုပ်ချုပ်လို့မရ ဖြစ်နေဆဲ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီကို ၁၈ လကြာသည်အထိ တရုတ်နိုင်ငံမှလွဲ၍ မည်သည့်နိုင်ငံကမှ အစိုးရအဖြစ် အသိအမှတ် မပြုသလို ကုလသမဂ္ဂနှင့် နိုင်ငံတကာအစည်းအဝေးများလည်း တက်ခွင့်မရခဲ့ချေ။ စစ်ကောင်စီ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှု များကြောင့် နိုင်ငံတကာအစိုးရများသည် ၎င်းတို့အား လူသတ်သမား၊ စစ်ရာဇဝတ်ကောင်များအဖြစ်
မှတ်ယူကာ ထိတွေ့ဆက်ဆံဖို့ကို အလွန်တရာ ရွံရှာစက်ဆုပ်နေကြသည်။
ကမ္ဘာ့နိုင်ငံအများအပြားက ရန်ကုန်မြို့ရှိ ၎င်းတို့၏သံအမတ်များကို ပြန်လည်ရုတ်သိမ်းကာ မြန်မာနိုင်ငံကို သံတမန်ဆက်ဆံရေးတွေ လျော့ချနေခြင်းက အာဏာသိမ်းစစ်ကောင်စီ၏ လူရာမဝင်မှုကို ထင်ဟပ်ပြသ နေသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဘဏ်စနစ်အပေါ် လူတွေအယုံအကြည်မဲ့ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ခြင်း၊ စစ်ကောင်စီက ဒေါ်လာငွေများ အဓမ္မသိမ်းယူပြီး အလွန်အမင်း စီးပွားရေး ချုပ်ကိုင်ခြင်း
စသည့်အကြောင်းအရာများစွာဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးက တဟုန်ထိုးကျဆင်းခဲ့သည်။
ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်ငြိမ်အောင် မလုပ်နိုင်သလို စီးပွားရေးကိုလည်း ပုံမှန်လည်ပတ်အောင်ပင် စွမ်းဆောင်နိုင်ခြင်း မရှိတော့ပေ။ နိုင်ငံတစ်ခု၏ စီးပွားရေး ပျက်လျှင် ပြည်သူလူထု၏ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့ပါ အကုန်ပျက်စီးလေ့ရှိသည်။
ယခုလည်း အာဏာသိမ်းစစ်တပ်၏အခြေအနေက မြန်မာနိုင်ငံ၏အခြေအနေအရပ်ရပ်ကို ထိမ်းချုပ်နိုင်ခြင်း မရှိသည့်အနေအထားဆီသို့ ဦးတည်နေပြီဖြစ်သည်။ ယခုလို အာဏာသိမ်းစစ်တပ်ကို တပ်မတော် သမိုင်းတလျှောက် အကြီးအကျယ်ဆုံး ဒုက္ခရောက်၊ အကြပ်တွေ့စေခဲ့သည့်အဓိကအချက်က “မြန်မာပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်”ကြောင့်
ဖြစ်သည်။
ဗိုလ်မင်းအောင်လှိုင်နှင့် ၎င်း၏နောက်လိုက်များ သဘောပေါက်ဖို့လိုအပ်နေသည့်အရာက “ပြည်သူ လက်မခံလျှင် ဘယ်အစိုးရမှ အုပ်ချုပ်လို့မရ” ဟူသည့်အချက်၊ “မြန်မာ့နွေဦးတော်လှန်ရေး”ကို အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းသည့်နည်းဖြင့် နှိမ်နင်းလို့မရသည့်အချက် ဖြစ်သည်။
၎င်းတို့ မဲပေးရွေးချယ်ထားသောအစိုးရကို ဖမ်းဆီးထောင်ချခဲ့သူတွေ၊ လမ်းမထက်မှာ လက်နက်မပါ ဆန္ဒပြသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူတွေ၊ မိသားစုဝင်တွေကို ဖမ်းဆီး ထောင်ချသတ်ဖြတ်ခဲ့သူတွေ၊ နေအိမ်တွေကို မီးလောင်တိုက်သွင်းပြီး အိမ်ခြေရာမဲ့ဖြစ်စေခဲ့သူတွေ၊ ပြည်သူသန်းပေါင်းများစွာကို စီးပွားပျက်၊ ဘဝပျက်အောင်လုပ်ခဲ့သော အာဏာသိမ်း
စစ်တပ်ကို မြန်မာပြည်သူတို့သည် တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် စနစ်ဖြင့် စဉ်ဆက်မပြတ် တော်လှန်နေကြမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။
“ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မည်”ဟူသော မြန်မာလူငယ်တို့၏သံဓိဌာန်ကြောင့် “မြန်မာ့နွေဦးတော်လှန်ရေး”သည် ကျိန်းသေမုချ အောင်မြင်မည်ဖြစ်ပြီး ပြည်သူလက်မခံသော စစ်အာဏာရှင် စနစ်သည် မြန်မာ့မြေပေါ်မှ အနှေးနှင့်အမြန် ပျောက်ကွယ်ရတော့မည်ဖြစ်သည်။
အယ်ဒီတာ
#အယ်ဒီတာ့အာဘော် #Ayeyarwaddy_Times