စက်သုံးဆီစျေးမြင့်တက်နေမှုကြောင့် ပုသိမ်မြို့ခံ လူမှုကူညီရေးအသင်းများ ဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲများကြုံတွေ့နေရ

ညိမ်းသော်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၁ ရက်

စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့က လူမှုကူညီရေးအသင်းများ ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲနေကြကြောင်း လူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။

ပုသိမ်မြို့က လူမှုကူညီရေးအသင်းများအနေဖြင့် အရေးပေါ်လူနာများအား ရန်ကုန်မြို့သို့ အခမဲ့ပို့ဆောင်ပေးခြင်းမှ ရရှိလာသောအလှူငွေဖြင့်သာ အဓိကရပ်တည်နေရသော်လည်း လက်ရှိတွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် လူနာများနှင့် အလှူရှင်များထံမှ အလှူငွေကောက်ခံကာ လိုက်လံပို့ဆောင်ပေးနေရကြောင်း ပုသိမ်မြို့ခံ အရေးပေါ်လူနာတင်ယာဥ်မောင်းနှင်သူတစ်ဦးထံမှ သိရသည်။

” အခုလက်ရှိအ​ခြေအနေက အရင်ကလိုမဟုက်တော့ဘူး။ စစ်အာဏာမသိမ်းခင်နဲ့ ကိုဗစ်တွေမဖြစ်ခင်တုန်းက လုပ်ရကိုင်ရတာအဆင်ပြေတယ်။ ကိုဗစ်တုန်းကလည်း အလှူရှင်တွေနဲ့ဆ်ိုတော့အဆင်ပြေသေးတယ်။ ခုတော့မပြေတော့ဘူး။ စကစလည်းကြောက်ရတယ်။ ဆီစျေးကလည်းတက် ကားကလည်းဘီးပေါက်ဖာရင် ၄၀၀၀ လောက်ပေးရတယ် ဒါတောင်ထိန်းပြီးလုပ်နေရတာ” ဟု ပုသိမ်မြို့ခံလူနာတင်ယာဥ်မောင်းနှင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ပုသိမ်မှ ရန်ကုန်သို့ အရေးပေါ်လူနာများသွားရောက်ပို့ဆောင်ရာတွင် လမ်းတစ်ဝက်မှပင် ရန်ကုန်အခြေစိုက် လူမှုကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်၍ လက်လွှဲပို့ဆောင်ပေးနေရကြောင်း သိရသည်။

“ပုသိမ်ပြည့်သူဆေးရုံကြီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရင်ကဆိုတိုက်ရိုက်ပို့ရတာလေ။ အခုကတော့လမ်းတစ်ဝတ်မှာတင်လက်လွဲယူရတယ်။ အရမ်းခက်ခဲတယ်။ ပုသိမ်ကနေ လှိုင်သာယာမှာတင် လွှဲရတာလေ။ပုသိမ်ကနေမလာခင် ချိတ်ထားရတာ ရန်ကုန်ဘတ်ကကားမရရင် သွားလို့မရဘူး။ ဒီကြားထဲ စစ်ဆေးတာတွေကများလို့ အရမ်းအခက်တွေ့ရတယ်” ဟု ပုသိမ်မြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာမသိမ်းမှီက ပုသိမ်မြို့ခံလူမှုကူညီရေးအသင်းများအနေဖြင့် လစဥ်ရရှိသောအလှူငွေနှင့် အရေးပေါ်လူနာများပို့ဆောင်ခြင်းမှ ရရှိလာသည့် အလှူငွေများဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်လောက်ငှကြကြောင်း သိရသည်။

သို့်သော်လည်း စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီစျေးနှင့် လူနာတင်ယာဥ်ပြင်ဆင်စာရိတ် စသည့်အထွေထွေစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လူမှုကူညီရေးအသင်းများအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများ ရပ်တန့်မသွားအောင်ရုန်းကန်ရပ်တည်နေရကြောင်း လူမှုကူညီရေးအဖွဲ့အချို့ထံမှ သိရသည်။

ဓာတ်ပုံ – ပုသိမ်မြို့ခံလူကူညီရေးအသင်းတစ်ခုမှ လူနာတင်ယာဥ်တစ်စီးအား မြင်တွေ့ရစဥ်။
#စက်သုံးဆီ #ပုသိမ် #လူမှုကူညီရေးအသင်း #ရပ်တည် #ခက်ခဲ
#Ayeyarwaddy_Times