ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

 

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှနေ၍ တစ်ရက်တည်း ၂ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်က ယမန်နေ့ ဩဂုတ် ၂၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဗုံးကြဲချ၍ မိုးကုတ်မြို့ အရှေ့ပိုင်း၊ စည်ပင်သာယာရပ်ကွက်၊ ဆင်ထောင်ကျောင်း(ဂေါ်ရခါးဘုရားကျောင်း)အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

“ဂေါ်ရခါးတွေနေထိုင်တဲ့ရပ်ကွက်။ အိမ် လေးငါးလုံး လောက်ပျက်စီးတယ်။ တစ်ဦးထိတယ်လို့ သိထားရတယ်။ ‌လူနေရပ်ကွက်တွေပေါ် တမင်လိုက်ကြဲနေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကော်မရှင်သည် တစ်နေ့တည်းမှာပင် မန္တလေးတိုင်း၊ ကျောက်မဲမြို့၊ ပိန္နဲကုန်း ဝါဆိုကျောင်း အနီးကိုလည်း နံနက် ၁၁ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်က ပေါင် ၂၅၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ကိုရင် သုံး ပါး ထိခိုက်ခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကော်မရှင်က နောင်ချိုကိုပြန်လည်ထိန်းချုပ်ပြီးနောက် နောင်ချို -မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာများကို လည်း ဆက်လက်ထိုးစစ်ဆင်နေပြီး TNLA တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

နောင်ချို-မိုးကုတ် လမ်းပိုင်းပေါ်ရှိ ချောင်းဆုံ၊ နာကြိုင်းနှင့် ရတနာသိင်္ဂီစသည့်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က ဆက်လက်ထိုး စစ်ဆင်နေကြောင်း သိရသည်။

ပုံစာ- မိုးကုတ်မြို့ကို စစ်ကော်မရှင်က ဗုံးကြဲပြီးနောက် တွေ့ရစဉ်။