
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဩဂုတ် ၂၆ ရက်
ကရင်နီပြည်နယ်တွင် စစ်ကော်မရှင်ကကျင်းပမည့် တရာမဝင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့်တားဆီးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်မှုများတွင် ပါဝင်ကြရန် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကထုတ်ပြန်ထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်းတစ်အတွက် ကရင်နီဒေသတွင် ၎င်းတို့ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ရွေးကောက်ပွဲပြုလုပ်မည့် လွိုင်ကော်မြို့၌ စစ်ကော်မရှင်အသိုင်းအဝိုင်းနှင့်ပတ်သက်ဆက်နွယ်သူ ငါးထောင် ဝန်းကျင်သာရှိကြောင်း သိရသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တားဆီးသွားမည့်နည်းလမ်းများတွင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှ ထောက်ခံမှုပိုမိုနည်းပါးစေရန် လုပ်ဆောင်သွားရန်လည်းရှိကြောင်း သိရသည်။
“မင်းအောင်လှိုင်ကနေပြုလုပ်မယ့်တရားမဝင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ကန့်ကွက်တားဆီးသွားမယ်ဆိုတာကတော့ ကျွန်တော်တို့မျိုးစုံရှိပါတယ်။ နောက်နိုင်ငံတကာကနေထောက်ခံအားပေးမှု လျော့ကျသွားအောင် ပြည်သူလူထုကနေပီးတော့ဆန့်ကျင်ကန့်ကွက်လာအောင် နောက်တခြားနည်းလမ်းတွေပေါ့နော် ဒါတွေကအသေးစိတ်တော့ပြောလို့မရသေးဘူး။ ဒါပေမဲ့ကျွန်တော်တို့ဆီမှာ အစီအစဉ်တွေတော့ရှိပါတယ်” ဟု KSCC ဥက္ကဌဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံတကာအနေဖြင့် စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းမှာလည်း မြန်မာပြည်သူများ၏ ဆန္ဒကိုအကောင်အထည်ဖော်ဆောင်ပေးခြင်းမဖြစ်ပဲ စစ်အာဏာရှင်စနစ်ကိုသာ သက်ဆိုးရှည်စေမည်ဖြစ်ကြောင်း KSCC က စစ်ကော်မရှင်ကို ထောက်ခံသည့်နိုင်ငံများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယခုကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် ရလဒ်များထွက်လာမည်မဟုတ်သည့်အပြင် လူထုဆန္ဒနှင့်အညီကျင်းပသည့် ရွေးကောက်ပွဲဖြစ်လာရန်လည်းမရှိကြောင်း KSCC ကဆိုသည်။
“ထုတ်ပြန်ကြေညာချက်မှာ အဓိကထားတာကတော့ ဒီရွေးကောက်ပွဲဟာ မင်းအောင်လှိုင်ကနေပြီးတော့ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာလုံးဝမရှိဘူးဆိုတာ ကျွန်တော်တို့ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုမင်းအောင်လှိုင်ကိုယ်၌ကိုယ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ထားပြီးဖြစ်တဲ့အတွက် ဒါကပယ်ဖျက်ပြီးသား ဖြစ်တယ်ပေါ့နော်။ ဒါကတော့ရှင်းတယ် မင်းအောင်လှိုင်ကလုပ်ပိုင်ခွင့်မရှိတာဖြစ်တယ်” ဟု ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင်စစ်ကော်မရှင်သည် ကျန်ကရင်နီဒေသများကို ရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ အင်အားအများအပြားသုံး ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဒေသများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေသည်။
ဓာတ်ပုံ – KNDF
ပုံစာ – ကရင်နီတွင် စစ်ကော်မရှင်မှ အရပ်သားများကိုပစ်ခတ်နေပုံနှင့်လေကြောင်းတိုက်ခိုက်ထားပုံ