
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၅ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် လမ်းပိုင်းများကို ပိတ်ထားသည့်အတွက် ပလက်ဝ နှင့် ရခိုင်ပြည်နယ်မှ ကုန်သည်များ ဆောမြို့နယ်တွင် ပိတ်မိနေကြောင်း ကုန်သည်များထံမှ သိရသည်။
CDF – Kanpelet သည် စစ်ရေးအခြေအနေကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် ကားလမ်းပိုင်းများကို ရုတ်တရက် ယာယီပိတ်ထားခြင်းကြောင့် ကုန်သည်များ ပိတ်မိရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကန်ပက်လက်-ဆော ကားလမ်း မပိတ်ခင်ကတည်းက ဆောမြို့မှာ ရောက်နေတာပါ။ ကားလမ်းကလည်း ပိတ်ဖို့ ကြိုတင် သတိပေးတာမျိုးမဟုတ်ဘဲ ရုတ်တရက်ပိတ်ထားလိုက်တော့ ကုန်သည်တွေက ပိတ်မိနေကြတာပါ”ဟု ပလက်ဝမြို့နယ်မှ ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆောမြို့တွင် ကုန်စည်များ သယ်ယူနေသည့် ကား နှင့် ဆိုင်ကယ်အစီး ၂၀ ကျော် ပိတ်မိနေပြီး အဆိုပါ ဝယ်ယူထားသည့် ကုန်စည်များ အချိန်မီ တင်ပို့နိုင်ခြင်းမရှိပါက ကုန်စည်များ ပျက်စီးသွားမည်ကို ကုန်သည်များက စိုးရိမ်နေကြောင်း သိရသည်။
“ဆော-ကန်ပက်လက်ကြားမှာ ကုန်စည်သယ်ယူတဲ့ ဆိုင်ကယ်၊ ကားတွေ ပိတ်မိနေတာ ၅ ရက် လောက်ရှိပြီ။ ကားလမ်းတွေ ဘယ်တော့ဖွင့်ပေးမလဲ မသိဘူး။ အချို့ကုန်စည်တွေက အကြာကြီး ထားလို့မရဘူး။ အချိန်မီ မပို့ပေးနိုင်ရင် ပျက်စီးကုန်မယ်။ ဆုံးရှုံမှု များမယ်”ဟု မြောက်ဦးမြို့မှ ကုန်သည်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပိတ်မိနေသည့် ကုန်သည်များအတွက် ယာယီဖြတ်သန်းခွင့်ပြုရန် ကုန်သည်များက CDF – Kanpelet ထံ တောင်းဆိုထားသည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ကုန်သည်များသည် ကားနှင့်ဆိုင်ကယ်များဖြင့် ကန်ပက်လက် မြို့နယ်ကို ဖြတ်ကာ မကွေးတိုင်း၊ ဆောမြို့နယ်မှ ကုန်စည်များကို ဝယ်ယူ၍ ဒေသတွင်း ပြန်လည် ရောင်းချကြခြင်းဖြစ်သည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-ပလက်ဝ-ကန်ပက်လက်-ဆော လမ်းတစ်နေရာကို တွေ့ရစဥ်