
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၂၅ ရက်
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုသည် ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ရှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး၊ Justice for Myanmar အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ကျူးလွန်သူများကို တရားစွဲဆိုအရေးယူရန် တိုက်တွန်းပြောကြားလိုက်သည်။
Justice for Myanmar (JFM) ၏ ထုတ်ပြန်ချက်တွင် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) အနေဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တရားစွဲဆိုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ နှစ်ပေါင်းများစွာ ကြာမြင့် လာပြီဖြစ်သော်လည်း ရိုဟင်ဂျာများအတွက် တရားမျှတမှု မျက်ကွယ်ပြုခံနေရပြီး ရာဇဝတ်မှု ကျူးလွန် သူ စစ်အုပ်စုနှင့် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည်ဟု JFM က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ Andrew Jackson ကလည်း မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုများနှင့် လူမှုအသိုက် အဝန်းများသာမက ဘဝနှင့်ချီပြီး ထိခိုက်ခံစားခဲ့ရသူများကို မမေ့မလျော့ ရှိကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အကြီးတန်းလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Thomas “Tommy” Pigott က အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာရသော ရိုဟင်ဂျာ စစ်ဘေးရှောင်များကို ဆက်လက်ခိုလှုံခွင့်ပေးသည့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများကို ချီးကျူးဂုဏ်ပြု ကြောင်း ထုတ်ပြန်ခဲ့သည်။
JFM ၏ ထုတ်ပြန်ချက်အရ စစ်တပ်က ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသော ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုမရှိစေရန် အနောက်ဘက်ခြံစည်းရိုးကို ကာရံရာတွင် ပါဝင်ပံ့ပိုး ပေးခဲ့သည့် ကမ္ဘောဇ (KBZ) နှင့် မက်စ် (Max) လုပ်ငန်းစုတို့ကို စုံစမ်းစစ်ဆေးပြီး တရားစွဲရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ (ယူကေ) ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရိုဟင်ဂျာ (ဘင်္ဂါလီ) အကြမ်းဖက်သမားများက စစ်တပ်နှင့် ရဲအခြေစိုက်စခန်းများကိုတိုက်ခိုက်ပြီးနောက် စစ်တပ်မှ စစ်ဆင်ရေးစတင်ခဲ့ရာ လူမျိုးသုဉ်းသတ်ဖြတ် မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာကျေးရွာ ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာသား ခုနစ်သိန်း(၇၀၀,၀၀၀)ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ဓာတ်ပုံ – HRWG