နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စိုးမိုးထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်း စစ်ကော်မရှင်အနေဖြင့် ရွေး ကောက်ပွဲ ပြုလုပ်နိုင်ခြေမရှိဘဲ ပြည်သူကို ဖိအားပေး၍ ဇွတ်အတင်း လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၌ အဓမ္မအာဏာသိမ်း၍ ပြည်သူ့အစိုးရခေါင်းဆောင်များကို မတရား ဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့် အခွင့်အာဏာ အလျဉ်း မရှိကြောင်း NUG က ယမန်နေ့ ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တော်လှန်ရေး အင်အားစုများက စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီအပါအဝင် ဒေသအများစုရှိ မြို့ပြင်ပ ကျေးရွာများကို သိမ်းပိုက်ထားပြီး စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေ များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရထံမှ သိရသည်။

“အဲဒီနေရာတွေမှာ စစ်တပ်က ဘယ်လိုမှ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုပ်နိုင်တဲ့အခြေအနေ မရှိပါဘူး။ လာပြီးလုပ်ဖို့ ကြိုးစားရင်လည်း ဖမ်းဆီးပြီးတော့ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပယ်ဖျက်ထားပြီးဖြစ်၍ ယင်းဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိသော စစ်ကော်မရှင်၏ လုပ်ရပ် မှန်သမျှသည် တရားမဝင်သော ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကော်မရှင်အား နိုင်ငံနှင့် ပြည်သူ၏ ရန်သူအဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်ကတည်းက ကြေညာထားသလို ၎င်း၏လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)ကိုလည်း အကြမ်းဖက် အုပ်စုများအဖြစ် ကြေညာထားကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ NUG ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင်လည်း ၎င်းတို့စိုးမိုးထိန်းချုပ် နယ်မြေများအတွင်း တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေး ဆောင်ရွက်လာမှုများရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဟု ဖော်ပြထားသည်။

“အဲဒီမှာပါတဲ့ အချက်တွေက ကျွန်တော်တို့ရဲ့ အဓိကရပ်တည်ချက်၊ သဘောထားတွေပေါ့နော်။ ကျွန်တော်တို့သွားမယ့် နိုင်ငံရေးလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသလို နိုင်ငံတကာနဲ့ တော်လှန် ရေး အင်အားစုတွေကိုလည်း တောင်းဆိုထားတဲ့ အချက်တွေပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များလည်း အခိုင်အမာတည်ရှိနေကာ စစ်ကော်မရှင်၏ ရွေး ကောက်ပွဲသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် NUG က EROs ၊ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ မိမိတို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) မူဘောင်အတိုင်း ရပ်တည်၍ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယင်းနိုင်ငံရေး လမ်းပြမြေပုံ အဆင့်(၁၁)တွင် ပြဌာန်းထားမှုမှာ တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည် ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပခြင်းဟူ၍ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- MOI