ဧရာ၀တီတိုင်းမ်
(ရန်ကုန်)၊ ဩဂုတ် ၂၅ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT) က ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့အထိ ပြည်သူ ၅,၆၆၆ ဦး သေဆုံးခဲ့ပြီး နေအိမ် ၇၅,၈၈၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

သေဆုံးသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ရှစ် ဦး၊ ပါတီဝင် ၁၁၀ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ် ၅၁၈ ဦးနှင့် အမျိုးသမီး ၁,၀၂၅ ဦးတို့ ပါဝင်ကြောင်း ယမန်နေ့ ဩဂုတ် ၂၄ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ အမည်ပြောင်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၉,၁၆၇ ဦး မတရားဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ထဲတွင် NLD လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး၊ ပါတီဝင် ၂,၈၃၆ ဦး၊ အသက်မပြည့်သည့် ကလေးငယ် ၂၆၀ ဦးနှင့် အမျိုးသမီး ၂,၅၆၅ ဦးတို့ ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကော်မရှင်သည် NLD ပါတီရုံးများကို အဓိကပစ်မှတ်ထား ချေမှုန်းခဲ့ရာ ဗဟိုရုံး အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့် ရုံးပေါင်း ၁၆၇ ခု ဖျက်ဆီးခံခဲ့ရသည်။ အရပ်သားပိုင်ဆိုင်မှုများဖြစ်သည့် အိမ်နှင့်ပစ္စည်းများကိုလည်း ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်းနှင့် ဖျက်ဆီးခြင်းများကြောင့် ပြည်သူ ၈၄၂ ဦး၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် အဆိုပါကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာ များသို့ လေကြောင်းတိုက်ခိုက်မှု ၇၂၁ ကြိမ် ပြုလုပ်ခဲ့ပြီး အိုးအိမ်၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်း အပါအဝင် အဆောက်အဦပေါင်း ၂,၆၀၀ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦပေါင်း ၁၃,၂၇၀ ပျက်စီးကာ အပြစ်မဲ့ပြည်သူ ၂,၈၄၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

အဆိုပါ အစီရင်ခံစာသည် HRDT အဖွဲ့က လက်လှမ်းမီသလောက် တိကျစွာပြုစုထားခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း အသိပေးဖော်ပြထားသည်။

ဓာတ်ပုံ-AFP