ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၂၄ ရက်)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြန့်ပွားမှုအခြေနေက လူငယ်တွေကြားမှာ ဆိုဆိုးရွားရွားများ ပြားလာပါတယ်။ နိုင်ငံရေး မတည် ငြိမ်မှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ အနာဂတ် မရေရာမှုတွေအကြား နစ်မွန်းနေပါတယ်။ ဒီလိုအချိန်မှာ အဖိနှိပ်ခံရဆုံးနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ အများဆုံး ရင်ဆိုင်နေရသူတွေကတော့ လူငယ်တွေပဲဖြစ်ပါတယ်။

လူငယ်တွေရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေချိန်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာရှင် ရေရှည်တည်မြဲဖို့အတွက် စစ်မှုထမ်းဥပဒေကို မတရားပြဋ္ဌာန်းပြီး သူတို့တွေရဲ့ ဘ၀ကို ထပ်မံခြိမ်းခြောက်နေပါတယ်။ လူငယ်များစွာဟာ မလုံခြုံမှု စိတ်ပင်ပန်းမှုတွေ အမြဲခံစားနေရပါတယ်။ သူတို့တွေ စိတ်ထွက်ပေါက်ရဖို့ ၊ ခဏတာ မေ့ပျောက်မှုတစ်ခုကို ရှာဖွေရင်း အလွယ်တကူရ‌နေတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ထိတွေ့မိပြီ လူ့ငရဲဝါးမြိုမှု လမ်းကြောင်းပေါ် ရောက်ရှိ သွားကြပါတယ်။ ဒါဟာ ကိုယ်ကျင့်တရား ပျက်ယွင်းလို့ မဟုတ်ဘဲ ရှင်သန်ရခက်ခဲလွန်းတဲ့ ပတ်ဝန်း ကျင်မှာ အလွယ်တ ကူရနေတဲ့ အရာတွေက အမှောင်လမ်းကို တွန်းပို့လိုက်တာပဲဖြစ်ပါတယ်။

🟥လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမိသည့်အကြောင်းရင်း

-စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှု

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဘဝအနာဂတ်မရေရာတာ၊ အလုပ်အကိုင်အခွင့်အလမ်းရှား ပါးလာတာ၊ စိတ်ဓာတ်ကျဆင်းမှုတွေကြောင့် စိတ်သက်သာရာရဖို့ မူးယစ်ဆေးကို စိတ်ထွက်ပေါက်နေနဲ့ စမ်းသုံးမိကြပါတယ်။

-ရွယ်တူချင်းဖိအားပေးခံရခြင်း။

သူငယ်ချင်းတွေအုပ်စုလိုက် သုံးစွဲကြတဲ့အခါ အပေါင်းအသင်းနဲ့ မကင်းချင်လို့၊ အဖွဲ့ထဲကနေ ခွဲထုတ်ခံရမှာ စိုးရိမ်တာမျိုးကြောင့်လည်း အလိုက်သင့် သုံးစွဲမိကြပါတယ်။

-ပျော်ရွှင်မှုရှာဖွေခြင်း

ခဏတာ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကို ရှာဖွေရင်း စမ်းသပ်သုံးစွဲရာကနေ စွဲလမ်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီအမည်ပြောင်းစစ်ကော်မရှင်ဟာ မူးယစ်ဆေးဝါးကို အလွယ် တကူသုံးကြအောင် မှောင်ခိုစျေးကွက်မှာ ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေတာကြောင့် သုံးစွဲမှုပိုများ လာပါတယ်။ စစ်ဗိုလ်ချုပ်တွေက အာဏာအလွဲသုံးရင်း မူးယစ်ဆေးရောင်းဝယ် ဖောက်ကားခြင်းဖြင့် တော်လှန် ရေး အားနည်းစေဖို့ ရည်ရွယ်ပါတယ်။

🟥မြန်မာနိုင်ငံမှာအသုံးအများဆုံးမူးယစ်ဆေးဝါးများ

– စိတ်ကြွဆေး (Methamphetamine)
“မက်သမ်ဖက်တမင်း”လို့ ခေါ်တဲ့ ယာဘ ဆိုတာ ဆေးပြားအမျိုးအစားဖြစ်ပြီး စျေးလည်းပေါ အလွယ်တကူရတဲ့အတွက် လူငယ်တွေကြားမှာ အသုံးအများဆုံးဖြစ်လာပါတယ်။

-ဘိန်းဖြူ (Heroin)
စွဲလမ်းမှုအား အရမ်းကောင်းတဲ့ မူးယစ်ဆေးဖြစ်ပြီး ဆေးထိုးအပ်နဲ့ သုံးစွဲကြတဲ့အတွက် HIV/AIDS နဲ့ သွေးမှတစ်ဆင့် အခြားမှာရောဂါတွေပါ ကူးစက်ကြပါတယ်။

-ကေ(ကတ်တမင်း-Ketamine)
ဆေးရုံသုံးမေ့ဆေးတစ်မျိုးဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပါတီပွဲတွေနဲ့ ကာရာအိုကေ နိုက်ကလပ်တွေ ဘားတွေမှာပါ အပျော်သဘောမျိုး သုံးစွဲလာကြပါတယ်။

-အိုက်စ် (Methamphetamine – Ice)
အိုက်စ်ကတော့ စိတ်ကြွဆေးအမျိုးအစားထဲမှာပါတဲ့ ပုံဆောင်ခဲဖြစ်ပြီး စွဲလမ်းမှုပိုအားကောင်းပြီး ဈေးလည်းပိုကြီးပါတယ်။ ဟိုက်ဖန်လို့ ခေါ်ကြတဲ့ ဆေးသုံးပြီး ရမ္မက်ပြင်းပြတဲ့ အုပ်စုလိုက် အချစ်ညတွေ ဖန်တီးကြတဲ့ ဆေးဖြစ်တာကြောင့် သိစိတ်လွတ်ကင်းပြီး အရိုင်းဆန်စေပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်ပျက်မှာ ရှင်သန်နေရတဲ့ လူငယ်တွေအတွက် မျှော်လင့်ချက်မဲ့ပြီး လမ်းမှားကို ရောက်ရှိသွားနိုင်တဲ့ အခြေအနေတွေကို လူငယ်ဖြစ်တဲ့ကျွန်တော်ကိုယ်တိုင်လည်း နားလည်ပါတယ်။ မူးယစ်ဆေးဝါးရဲ့ သံသရာထဲနစ်ဝင်သွားတဲ့ လူငယ်တွေအတွက် စွဲလမ်းခြင်းအန္တရာယ်‌ချောက်ထဲမှာ ရုပ်ရော စိတ်ပါ တွယ်ငြိ ရုန်းမရခြင်းတွေ ကြုံရပါတယ်။ စစ်အာဏာရှင်ရဲ့ ထိန်းချုပ် ကန့်သတ်မှု တွေအောက်မှာ လူအခွင့်အရေးလည်းပျော က်ဆုံးနေပြီးသား လူငယ်တွေအတွက် ပိုခက်တဲ့လမ်းမှားကို မလျှောက်စေဖို့ မူးယစ်ဆေးစွဲခြင်းအန္တရာယ်ဒုက္ခတွင်းမှ လွတ်မြောက်ရန် မူးယစ်ဆေးဖြတ်ဖို့ လိုအပ်ပါတယ်။

မူးယစ်ဆေးစွဲနေသူတစ်ဦးကို ကူညီပေးရတာဟာ ခက်ခဲတဲ့အလုပ်ပါ။ နွေးထွေးတဲ့ စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ ချဉ်းကပ်မှုမျိုးရှိမှသာ သူတို့အတွက် ကြီးမားတဲ့ အားတစ်ခု ဖြစ်စေနိုင်ပါတယ်။ မူးယစ်ဆေး ဖြတ်ချင်စိတ် ပေါ်လာအောင် အားပေးကူညီဖို့ ကြိုးစားတဲ့အခါ မူးယစ်ဆေးစွဲနေတဲ့သူတစ်ယောက်ကို ဖိအားပေးတာမျိုး သူ့ဘဝကို ဝေဖန်ဆုံးဖြတ်သလို မဖြစ်‌စေတဲ့ နွေးထွေးတဲ့ စကားလုံးတွေနဲ့သာ ဆက်ဆံဖို့ အရေးကြီးပါတယ်။

နားလည်မှုပေးပါ၊ ချီးမွမ်းအားပေးပါ၊ ပွင့်လင်းပြီး စာနာတဲ့ စကားလုံးတွေနဲ့ သူ့အခက်အခဲတွေကို အတူတူ မျှဝေပါ။ စိတ်ညစ်စရာကောင်းတဲ့ မူးယစ်ဆေးဝါးနွံထဲမှာ ဆက်ပြီးနစ်မြုပ်မနေရအောင် ရုန်းထွက်သင့်ကြောင်း အားပေးပါ။

အထီးမကျန် မသိမ်ငယ်စေဖို့ အားပေးကူညီ မျှော်လင့်ချက်ပေးရပါမယ်။ မူးယစ်ဆေးသုံးစွဲတာဟာ ခဏတာစိတ်သက်သာရာရစေပေမဲ့ ရေရှည်မှာ ကျန်းမာရေး၊ လူမှုဘဝနဲ့ မိသားစုအပေါ် ဆိုးကျိုးတွေ သက်ရောက်ရပါတယ်။အကျိုးဆက်တွေကို လက်တွေ့ကျကျ နားလည်အောင် ရှင်းပြဖို့လည်း လိုအပ်ပါတယ်။

မူးယစ်ဆေးစွဲနေတာဟာ ရောဂါတစ်ခုပါ။ ဆရာဝန်နဲ့ ကုသဖို့၊ ပညာရှင်အဖွဲ့အစည်းတွေဆီကနေ အကူအညီရယူဖို့ လိုတယ်ပါတယ်။ တစ်ယောက်တည်း ရုန်းကန်နေစရာမလိုပါဘူး။ ဆရာဝန်နဲ့ပြသပြီး စနစ်တကျကုသယူရင် ဆေးပြတ်ပါတယ်။

ဆေးဖြတ်လိုက်တဲ့အခါ ကျန်းမာရေးပြန်ကောင်းလာပါတယ်။ မိသားစုနဲ့ ဝေးကွာသွားတာ‌တွေ ပြန်ကု စားပြီး ပြန်ရင်းနှီးလာမယ်ဆိုတာ အမှန်တရားပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကိုလည်း ပြန်လုပ်နိုင်မယ့် အပြင် စိတ်ပင်ပန်းမှုတွေ သက် သာသွားပါလိမ့်မယ်။ ဒါကြောင့် ချီတုံချတုံအများကြီးမတွေးနေဘဲ အခုပဲ ဆေးဖြတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါ။ ဒီလိုကြုံတွေ့နေရတာက ကိုယ်တစ်ယောက်တည်း မဟုတ် ပါဘူး။ ရုန်းထွက်ဖို့ နည်းလမ်းဆိုတာ လူတိုင်းအတွက်ကတော့ရှိနေပါတယ်။

🟥ဘဝကိုဖျက်ဆီးပစ်တဲ့မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးစတင်သုံးစွဲချိန်မှာသာ ယာယီသာယာမှု၊ တဒင်္ဂစိတ်သက်သာရာရမှုတွေကို ပေးစွမ်းနိုင် ပေမယ့် ရေရှည်မှာတော့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုဘဝတစ်ခုလုံးကို ဖျက်ဆီးမယ့် အဆိပ်အတောက် တစ်ခုပါပဲ။ ဦးနှောက်ပျက်စီးခြင်း၊ မှတ်ဉာဏ်ချို့ယွင်းလာခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာခြင်း၊ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မချနိုင်ခြင်းတွေအပြင် ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်း ကိုပါ ကြုံတွေ့ ရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူမှာ နှလုံးခုန်နှုန်း မမှန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ပိုပြီး ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဖယ်ရှားပေးတဲ့ အသည်းနဲ့ ကျောက်ကပ်ကို မူးယစ်ဆေးက အလုပ်ဝန်ပိစေပြီး အချိန်နဲ့အမျှ ပျက်စီးစေပါတယ်။ မူးယစ်ဆေးအကြော ဆေးထိုး သူတွေမှာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲရာကနေ HIV/AIDS၊ အသည်းရောင် အသားဝါ ဘီ၊ စီပိုးတွေ အလွယ်တကူ ကူးစက်ကြပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်ရေးစနစ်ကို အားနည်း စေလို့ ကိုယ်ခံအားကျဆင်းသွားပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။

စွဲလမ်းစိတ်ဖြစ်တဲ့ အခြေအနေရောက်ပြီဆိုရင်တော့ဆေးမသုံးရရင် မနေနိုင်တော့ဘဲ ဆေးရဖို့အတွက် ဘာမဆို လုပ်ပါတော့တယ်။ ပိုက်ဆံလုယက်ခြင်း ဓားပြတိုက်ခြင်း လူသတ်ခြင်းတွေဆိုတဲ့ အမှုကိစ္စ တွေကိုလည်းမကြောက်ရွံတော့ပါဘူး။

မူးယစ်ဆေးက ဦးနှောက်ရဲ့ ဓာတုဗေဒကို ပြောင်းလဲစေတာကြောင့် အရင်ကထက် ပိုပြီး စိတ်ဓာတ်ကျလွယ်၊ စိုးရိမ်စိတ်များလွယ်လာပါမယ်။ လူတိုင်းက ကိုယ့်ကို ရန်လုပ်နေတယ်၊ ဒုက္ခပေးဖို့ ကြံနေတယ်လို့ အကြောင်းမဲ့ ထင်မြင်စိတ်တွေ ဝင်လာတတ်ပါတယ်။ မရှိတာကို အရှိထင်ပြီး အမြင်မှား၊ အကြားမှားတွေကြုံလာပြီး ထင်ယောင်ထင်မှားဖြစ်ရပါတော့တယ်။

မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးပျက်ပြားရပါတယ်။ ပညာရေး၊ အလုပ်အကိုင် အခွင့် အလမ်း များ ဆုံးရှုံးရပါတယ်။ ငွေကြေးပြဿနာများနှင့် ရာဇဝတ်မှုများမှာလည်း ပါဝင်ပတ်သက်မိသွား ကြပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေအားလုံးကို လက်လွှတ်ဆုံးရှုံးရခြင်းက ဆေးစွဲခြင်းရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။

လူမှုအသိုက်အဝန်းမှ ဖယ်ကျဥ်ခံရပြီးနှင့် အနာဂတ်ဘဝလည်း ပျောက်ဆုံးရပါတော့တယ်။

🟥ဆေးဖြတ်ကြစို့

ဆေးဖြတ်တယ်ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးတစ်ခုပါ။ မှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ဆိုရင် ကျော်ဖြတ် နိုင်ပါတယ်။ တစ်ယောက်တည်း ရုန်းကန်မနေပါနဲ့။ မူးယစ်ဆေးဖြတ်ဖို့ ဆေးပညာအကူအညီ ရယူနိုင်ပါတယ်။ ဆေးပြတ်ချင်စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပါ။ဘယ်သူက အတင်း အကျပ် တိုက်တွန်းလို့မှ မရပါဘူး။ ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားပြီး ဒီအခြေအနေကနေ ရုန်းထွက် ချင်တဲ့စိတ် ကိုယ့်အတွင်းထဲက လာဖို့လိုပါတယ်။

ဆေးဖြတ်ဖို့ ပိုင်းဖြတ်လိုက်ပြီဆိုရင် ယုံကြည်ရသူကို ဖွင့်ပြောပြီး အကူအညီတောင်းပါ။ ဒီခရီးကို တစ်ယောက်တည်း မသွားပါနဲ့။ ကိုယ်တကယ် ယုံကြည်ရတဲ့ မိသားစုဝင်တစ်ယောက်၊ သူငယ်ချင်း အရင်းတစ်ယောက်ကို ဖွင့်ပြောတိုင်ပင်ပါ။ သူရဲ့ပံ့ပိုးမှုနှင့် မေတ္တာက ကိုယ့်အတွက် အကြီးမားဆုံး ခွန်အားဖြစ်လာပါလိမ့်မယ်။

ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်တာကို မဖြစ်မနေ လုပ်ရပါမယ်။။ ဆရာဝန်တွေ ဆိုတာ ကိုယ့်ကို အပြစ်တင်ဖို့ မဟုတ်ဘဲ ကူညီဖို့ရှိနေတာကို သဘောပေါက်ထားပါ။ ဆေးဖြတ်ချိန် ဖြစ်ပေါ်မည့် ဝေဒနာအခက်အခဲများကို သက်သာစေဖို့ ဆေးဝါးတွေနဲ့ ကုသရပါတယ်။ ချွေးထွက်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ အိပ်မပျော်ခြင်း၊ ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းလို ယင်းထချိန် ပြင်းထန်စွာကြုံရမယ့် ဝေဒနာတွေအတွက် ဆရာဝန်က သက်သာစေမယ့် ဆေးဝါးတွေညွှန်ကြားပေးမှာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အိမ်မှာဆေးဖြတ် တာဟာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဆရာဝန်ရဲ့ကြီးကြပ်မှုအောက်မှာ ဘေးကင်း လုံခြုံစွာ ဆေးဖြတ်ဖို့ အကြံပြုပါတယ်။

ကိုယ့်ကိုဆေးစွဲစေတဲ့ပတ်ဝန်းကျင်ကို စွန့်ခွာခဲ့ပါ။ မူးယစ်ဆေးသုံးစွဲတဲ့ သူငယ်ချင်းတွေနဲ့ အဆက် အသွယ်ဖြတ်ပါ။ ခက်ခဲပေမယ့် မဖြစ်မနေလုပ်ရပါမယ်။ သူတို့ရဲ့အဆက်အသွယ်ဖြစ်နိုင်မယ့် ဖုန်းနံပါတ်တွေ၊ လူမှုကွန်ရက်အကောင့်တွေကို ဖျက်ပစ်ရပါမယ်။ ဆေးသုံးစွဲခဲ့ဖူးတဲ့ နေရာတွေကိုလုံးဝ ပြန်မသွားပါနဲ့။ ဘဝနေထိုင်မှုပုံစံသစ်ကို တည်ဆောက်ပါ။

လမ်းလျှောက်တာ၊ ပြေးတာ၊ အားကစားတစ်ခုခုလုပ်တာက ခန္ဓာ‌နှင့်စိတ်ကို လန်းဆန်းစေပါတယ်။ အာဟာရပြည့်ဝအောင်စားပါ။ ဆေးစွဲခြင်းကြောင့် ပျက်စီးသွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ဖို့ အစာ အာဟာရကလည်းအရေးကြီးပါတယ်။ စာဖတ်ခြင်း ၊ ဂီတ၊ ပန်းချီ၊ နှင့် အခြားစိတ်ဝင်စားတဲ့ ဝါသနာ တစ်ခုခုအတွက် အချိန်ပေးပြီး လေ့လာလိုက်စားပါ။ ကိုယ့်စိတ်ပျော်ရွှင်အောင်ကုစားပါ။

ဆေးဖြတ်ပြီးချိန်မှာ အဆိုးရွားဆုံးရင်ဆိုင်ရတာကတော့ ရုတ်တရက် ဆေးပြန်သုံးချင်စိတ် ဖြစ်လာ တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားတင်ပြီး ဆေးပြန်သုံးချင်စိတ်ကို တိုက်ထုတ်ပါ။ စိတ်ဖိစီးမှုများတဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ အရင်က ဆေးသုံးခဲ့တဲ့ အခြေအနေကို ကိုယ့်စိတ်ထဲကိုယ်ပြန်မြင်လာတဲ့အခါ အာရုံလွှဲပြောင်းပါ။ ယုံကြည်ရသူတစ်ယောက်ကို ဖုန်းဆက်ရင်ဖွင့်ပါ။ သီချင်းဖွင့်နားထောင်ပါ၊ ရေအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။ ကိုယ့်စိတ်ကိုပြန်တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပါ။ ဆေးသုံးချင် စိတ်ဟာ အချိန်တစ်ခုကြာရင် သူ့အလိုလို ပြန်ကျသွားတတ်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး အဲ့ဒီအချိန်ခဏလေးကို သည်းခံပြီး ကျော်ဖြတ်လိုက်ပါ။

နိုင်ငံရေးအခြေအနေတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ဘဝဟာ အလွန်တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးဝါးဆိုတာ ယာယီထွက်ပေါက်တစ်ခုသာဖြစ်ပြီး ကိုယ့်ရဲ့ အနာဂတ်တစ်ခုလုံးကို လောင်ကျွမ်း စေမယ့် ငရဲမီးတစ်ခုပါ။ လမ်းမှားပေါ်ကို ရောက်ခဲ့ပြီဆိုရင်လည်း နောက်ကျသွားပြီလို့ မတွေးပါနဲ့။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ရသူတွေရဲ့ အားပေးမှု၊ ဆေးပညာရဲ့ အကူအညီတွေနဲ့ ဒီသံသရာကနေ လုံးဝ ရုန်းထွက်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးတစ်ခု ပြန်ပေးပါ။ ကိုယ်တိုင်ရော ကိုယ့်မိသားစု ပါ ပိုကောင်းတဲ့ ဘဝတစ်ခုနှင့် ထိုက်တန်ပါတယ်။

လက်ရှိနိုင်ငံရေး မတည်ငြိမ်မူတွေကြောင့် လူငယ်လူရွယ်တွေမှာ ရှင်သန်ရခက်ခဲပါတယ်။ လမ်းမှား ပေါ်ရောက်နေတဲ့ ညီငယ်၊ ညီမငယ်တွေကို အပြစ်တင်ဖို့ မဟုတ်ဘဲ၊ မူးယစ်ဆေးဝါးရဲ့ ကြောက်မက်ဖွယ် အန္တရာယ်တွေကို သိရှိပြီး အဲ့ဒီသံသရာကနေ ရုန်းထွက်ဖို့အတွက် လက်တွေ့ကျတဲ့ ဆေးပညာဆိုင်ရာ အကြံဉာဏ်တွေနဲ့ လမ်းညွှန်မှုတွေကို လေးလေးစားစားမျှဝေပေးလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ “အေ ၊ ဘီ၊ အို” သွေးအုပ်စု နဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် မီဒီယာ ပရိသတ်များလည်း မူးယစ်ဆေးဝါး အန္တရာယ်မှလွတ်မြောက်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ခေတ်ဆိုးထဲကမျှော်လင့်ချက် #မူးယစ်ဆေးဝါးသံသရာကနေရုန်းထွက် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)