ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

တောင်တရုတ်ပင်လယ်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း ကဂျိကိ ( Kajiki) အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ် အချို့တွင် လာမည့်နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်း ကဂျိကိသည် ဩဂုတ် ၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်း၊ ၂၆ ရက်နေ့တွင် လာအိုနိုင်ငံအထက်ပိုင်းကိုဖြတ်ကျော်နိုင်ခန့်မှန်းထားသည်။

ယင်းအရှိန်ကြောင့် ဩဂုတ် ၂၅ မှ ၂‌၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် ( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

” မြန်မာအတွက် ပြောရရင် ယခင်မှန်းထားတဲ့မိုးရေချိန်ထက် ပိုများနိုင်တယ်။ မိုးကြီးမယ့်ဒေသတွေ များလာမယ်။ ပြည် နယ်နဲ့တိုင်း အားလုံးပါပဲ။ အထူးသဖြင့် မုန်တိုင်းအကြွင်းအကျန် ဖြတ်သန်းမယ့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မိုးပိုများပါမယ် ” ဟု မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲ၊ ဌာနေကိုယ်စားလှယ် ဒေါက်တာစိုင်းခွန်အာကာက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မိုးတောင်များသည် ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး ယင်းရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံမိုးသက်လေးပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျချိန် ရေပြင်/လေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိတိုက်ခတ်နိုင်ကြောင်း မိုး/ဇလ က ဆိုထားသည်။

ထို့ပြင်လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီတိုင်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေရှိနိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတစ်လျှောက်တွင် တစ်နာ ရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေထိရှိနိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ မိုး/ဇလ