ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး သွားမှုအပေါ် စစ်ကော်မရှင်က တအာင်းအမျိုးသားလွနတ်မြောက်ရေးတပ်မတော် (TNLA) ၏ လုပ်ရပ်ဖြစ်ကြောင်း လွှဲချပြောဆိုထားသည်။

နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ များသို့ ဆက်သွယ်ထားသည့် ဂုတ်ထိပ်တံတား၏ မြောက်ဘက်ခြမ်းရှိ သံမဏိတံတားဘောင် နှင့် အုတ်နံရံဘောင်တို့အား ဆက်သွယ်ထားသည့် နေရာသည် ယနေ့ ဩဂုတ် ၂၄ ရက်နေ့ နတံနက် ၉ နာရီကျော်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

အဆိုပါ တံတားဖျက်ဆီးခံရမှုသည် TNLA အဖွဲ့၏ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်ပြီး ဂုတ်ထိပ် တံတားပျက်စီးမှုအပေါ် ကျူးလွန်သူများကို ပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟု စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးမြန်းလာသည့် သတင်းရင်းမြစ်များကို ပြောဆို ထားသည်။

“ဂုတ်ထိပ်တံတားသည် အင်္ဂလိပ်လက်ထက်ကတည်းက သုံးစွဲလာသည့်တံတားဖြစ်တယ်။ တစ်နိုင်ငံ လုံးက ဂုဏ်ယူရသည့်တံတားဖြစ်ပြီး ယခုလိုဆောင်ရွက်ချက်သည် TNLA နှင့် PDF တို့ရဲ့ ရက်စက် ယုတ်မာမှုပါ။ ပြည်သူလူထုတစ်ရပ်လုံးအပေါ် ယုတ်မာမှုကို လက်တွေ့ပြသလိုက်တာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကော်မရှင်ကိုထောက်ခံသည့် မီဒီယာတစ်ခုကို ဖြေကြားထားသည်။

လက်ရှိတွင် စစ်ကော်မရှင်က နောင်ချိုကို ပြန်လည်သိမ်းပိုက်ထားပြီး ကျောက်မဲမြို့ နောင်ပိန်ရွာ ဘက်ကိုလည်း အင်အား ထောင်ချီသုံးကာ စစ်ကြောင်းထိုးလျက်ရှိသည်။

စစ်ကော်မရှင်သည် နောင်ပိန်ရွာအတွင်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး ထိုသို့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ခန့် ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ထို့ပြင် TNLA သိမ်းပိုက်ထားသည့် မိုးကုတ်နှင့် သီပေါမြို့ကိုလည်း နေ့စဉ်‌နီးပါး ‌ဆက်တိုက်ဗုံးကြဲမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံ ပြည်သူများ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုရှိနေသည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကမူ ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာမျာကို ပြန်လည်ဖြေကြားထားသည်။

“ဂုတ်ထိပ်တံတားဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး ကျွန်မတို့လည်း ဒီမနက်ပိုင်းမှ ကြားသိရပါတယ်။ ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ကျွန်မတို့ TNLA တည်ရှိရာ ဂုတ်ထိပ်တံတားတစ်ဝိုက်မှာဆိုရင် ဒရုန်း ကနေတစ်ဆင့် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိပါတယ်။အဲဒီလိုတိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်မတို့ ကို ကျရောက်တာမျိုး မဟုတ်ဘဲနဲ့ တိုက်ခိုက်လိုက်တဲ့ ဒရုန်းတွေက ဒီဂုတ်ထိပ်တံတားကို ထိမှန်ပြီးမှ ဖျက်ဆီးခံရတာဖြစ်ပါတယ်” ဟု TNLA ၏ ပြောခွင့်ရ လွေးယေဦးက ဖြေကြားထားသည်။

စစ်ကော်မရှင်သည် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်မြို့များအပြင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ် ဇူလိုင်အထိ စာရင်းများအရ သေဆုံးသူ ၃၄၀၅ ဦးရှိပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်တပ်က အဋ္ဌမ္မအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဩဂုတ် ၂၂ ရက် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၇၁၂၀ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။