
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်သို့ သယ်ဆောင်လာသည့် ဒရုန်းဗုံးသီးများဆိပ်ကမ်းမှ လှေပေါ်သို့ ချနေစဥ် လွတ်ကျပေါက်ကွဲပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒရုန်းဗုံးသီးများသည် မြိတ်မြို့မှသယ်ဆောင်လာခြင်းဖြစ်ပြီး ပုလောမြို့သို့ ပို့ဆောင်စဉ် ယမန်နေ့ ဩဂုတ် ၂၃ ရက် ည ၈နာရီဝန်းကျင်က ဗုံးသီးများ လွတ်ကျ၍ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ဒရုန်းဗုံးသီးတွေ လွတ်ကျပေါက်ကွဲတာ၊ အသံလဲတော်တော်လေးကိုကျယ်လောင်တယ်။ လူတချို့ အခုချိန်အထိ အလောင်း အစအနရှာမရဘူးသေးဘူး၊ သေဆုံးမှုလဲ များတယ်။ ရေကျချိန် သေတဲ့သူတွေ ထပ်တွေ့နိုင်တယ်”ဟု ဆိပ်ကမ်းရှိ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုချိန်ထိ အရာရှိတစ်ဦးနှင့် အခြားဆင့် နှစ်ဦး စုစုပေါင်း ရုပ်အလောင်း သုံးလောင်းရရှိထားပြီး အခြားစစ်ကော်မရှင် တပ်သားများ၏ အစအနကို ရှာမတွေ့သေးသည့်အပြင် ဆိပ်ကမ်းမှ လုံခြုံရေး နှင့်အရပ်သားအချို့ ထိခိုက်မှုရှိကြောင်း ဆိပ်ကမ်းရှိဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိမှာ နှစ်မြုပ်သွားသည့် လှေနှင့် ပျောက်ဆုံးနေသည့် အလောင်းများကို ယနေ့ ဩဂုတ် ၂၄ ရက် ရေကျချိန်တွင်ပြန်လည်ဆယ်ယူရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-အင်တာနက်
ပုံစာ-ပုလောမြို့နယ် ဆိပ်ကမ်းတစ်နေရာ(ပုံဟောင်း)