ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် ဂုတ်ထိပ်တံတား ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုတ်ထိပ်တံတားကို ယနေ့ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များနှင့် စစ်တပ်ထောက်ခံမီဒီယာအချို့တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဘက်က ဆုတ်ထားတာကြာပြီ။ မိုင်းမကပ် ထားဘူး ကပ်ထားလည်း ခွဲလို့မရတော့ဘူး” ဟု ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကျောက်မဲမြို့ဘက်ရှိ ဂုတ်ထိပ်တံတားထိပ်ပိုင်းကျိုးကျပျက်စီးခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင် ရာနှစ်ဖက်တပ်ဖွဲ့မှ အတိအလင်း ထုတ်ပြန်‌ကြေညာခြင်းမရှိသေးသော်လည်း တပ်ထောက်ခံ ချန်နယ်များက TNLA မှ မိုင်းခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း ဖော်ပြနေသည်ကို တွေ့ရသည်။

ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ထားသည့် နာမည်ကျော် တံတားတစ်စင်းဖြစ်ကာ လက်ရှိတွင် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်မှ အလုံးစုံပြန်လည် ထိန်းချုပ်ထားပြီးနောက် ကျောက်မဲမြို့ကိုလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများအပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ကြောင်းထိုး နေပြီး ထန်းတပင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်မှ နောင်ချိုမြို့ကို ပြန် လည်းထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ နောင်ပိန်၊ သီပေါ၊ မိုးကုတ်နှင့် မိုင်းငေါ့မြို့နယ်များကို လေကြောင်းမှ နေ့စဉ်‌နီးပါး ဗုံးကြဲချတိုက်ခိုက်နေပြီး ဒေသခံ ကလေးငယ်များအပါအဝင် သေဆုံးထိခိုက်မှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်