
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိအမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်နေကြသည့် စစ်သားသစ်များသည် မကြာခဏထွက်ပြေးနေကြကြောင်း သင်တန်းတက်ခဲ့သူများနှင့် ဒေသခံများထံက သိရသည်။
သြဂုတ်လ ဒုတိယပါတ်အတွင်း ကွင်းကောက်မြို့တွင်ကင်းပုန်း၀ပ်နေသောစစ်တပ်၊ ရဲ နှင့်ပူးပေါင်း အဖွဲ့များက တကက ၅ မှ ထွက်ပြေးလာသူ ငါးဦးကို ပြန်လည်ဖမ်းမိသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
“သိရသလောက်တော့ပြေးတဲ့သူတစ်ရာကျော်လောက်ပြီ ပြန်ဖမ်းမိတဲ့သူတွေကို မသေရုံနှိပ်စက်ခံရတယ်ကြားတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က ကွင်းကောက်မြို့နှင့် လေးမိုင်ခန့်အကွာတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးခဲ့သည့်အတွက် ဒေသခံအချို့စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
“သင်တန်းကျောင်းရောက်လာရင် သုံးပုံနှစ်ပုံလောက်က ထွက်ပြေးဖို့ကြိုးစားနေကြတာ။ ဒါပေမယ့် ကိုယ့်နယ်မဟုတ်တော့ မပြေးပဲနေပြီး သင်တန်းဆင်းပြီး ရှေ့တန်းကိုပို့မှ ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီးထွက်လာခဲ့တာ” ဟု တတက ၅ တွင်သင်တန်းတက်ခဲ့ရသည့် အဓမ္မစစ်သားစုဆောင်းခံရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အဓိက သင်တန်းကျောင်းတစ်ခုဖြစ်သောအမှတ် ၅ တပ်မတော်တန်းမြင့်လေ့ကျင်ရေးတပ်ကို အာရက္ခတပ်တော် AAနှင်ပူးပေါင်းတပ်များ ၀င်ရောက်တိုက်ခိုက်နိုင်သောကြောင့် စိုးရိမ်ပြီးယခုလိုထွက်ပြေးသူများပြားလာခြင်းဖြစ်ကြောင်း ဒေသခံများမှသုံးသပ်သည်။