
ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဩဂုတ် ၂၄ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကော်မရှင်က ယခု၂၀၂၅ခုနှစ် ဩ ဂုတ်လအထိ ၈ လတာအတွင်း လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက်မှု ၁၃ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။
ဧရာဝတီတိုင်းမ်သတင်းဌာနမှ စုဆောင်းထားသည့်အချက်အလက်များအရ စစ်ကော်မရှင်က အရပ်သားပြည်သူများကို ပစ်မှတ်ထား လေ ကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၆၂ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၆၀ ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မော်ချီးဒေသကို စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် အရပ် သားသေဆုံးမှု အများဆုံးဖြစ်စဥ်စဥ်မှာ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့က ဗုံးကြဲမှုကြောင့်ဖြစ်သည်။ စစ်ကော်မရှင်၏ အဆိုပါ တိုက် ခိုက်မှုကြောင့် အရပ်သား ၃၂ ဦးအထိ သေ ဆုံးကာ ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်နယ်ဆေးရုံမှာလည်း ပျက်စီးခဲ့ရကြောင်း IEC က ထုတ်ပြန်ခဲ့သည်။
“ပြည်သူတွေကတော့တော်တော်လေးကို ကသောင်း ကနင်းဖြစ်သွားတယ်ပေါ့နော်။ တချို့ကလည်းရွှေ့ကြပြုကြနဲ့ ကြောက်ကြောက်နဲ့နေရတယ်။ အရင်ကလိုစည်စည်ကားကားနဲ့ သိပ်မရှိတော့ဘူးဆိုတဲ့ပုံစံတော့တွေ့ရတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကော်မရှင်၏ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဗုံးခိုဘကျင်းများရှိသော်လည်း ဒေသခံအများစုမှာ ရုတ်တရက်လေကြောင်းတိုက်ခိုက်မှုများကို အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိတွင်လည်း မော်ချီးဒေသမှ ဒေသ ခံများမှာ စစ်ဘေးရှောင်တိမ်းနေကြရကြောင်း သိရသည်။
စစ်ကော်မရှင်သည် လက်ရှိတွင် ကရင်နီဒေသကို လေကြောင်းတိုက်ခိုက်မှုအပြင် စစ်အင်အားအ များအပြား အသုံးပြုကာထိုးစစ်ဆင်လျက်ရှိသည်။
လာမည့်ဒီဇင်ဘာ နောက်ဆုံးပတ်တွင်ကျင်းပမည့် ၎င်းတို့၏ ရွေးကောက်ပွဲအပိုင်း(၁)တွင် ကရင်နီရှိ လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များပါဝင်ပြီး အဆိုပါမြို့များတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဆိုထားသည်။
စစ်ကော်မရှင်သည် လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်မြို့များအပြင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်စမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်အထိ စာရင်းများအရ သေဆုံးသူ ၃၄၀၅ ဦးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မော်ချီးဒေသသို့ လေကြောင်းတိုက်ခံရမှုဖြစ်စဉ်များ