
ဆောင်းပါးရှင်-ကိုရင်တာတေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၂၃ ရက်)
အာဏာသိမ်းစစ်အုပ်စုထဲမှာ ဒုတိယလူတွေ အများကြီးရှိပါတယ်။ မကြာသေးခင်ကပဲ ဒုတိယလူဖြစ်တဲ့ စစ်အုပ်စုရဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးသွားခဲ့ပါတယ်။ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုပ်ချင်တာမှန်သမျှအတွက် ခေါင်းခံပေးရင်း ဒုတိယလူ (ယာယီသမ္မတ) အဖြစ်နဲ့ သူ့ဘဝudk အဆုံးသတ်ခဲ့&ပါတယ်။ နောက်ထပ် ဒုတိယလူတစ်ဦးကတော့ လက်ရှိ စစ်အုပ်စုဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါ။ သူလည်းပဲ နံပါတ် (၁) မင်းအောင်လှိုင် အလိုကျ ကစားပြနေရသူပါ။
အာဏာသိမ်းပြီးကာစ ၂၀၂၁ အစောပိုင်းတွေမှာ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ မျက်နှာမပြရတဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ဒုတပ်ချုပ်စိုးဝင်းကို အထောင်ထားပြီး ထိတွေ့ဆက်ဆံခိုင်းခဲ့ပါတယ်။ မခိုင်လုံတဲ့ အာဏာသိမ်းမှုဟာ မှန်ကန်ကြောင်း ထွက်ပြောခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ “မင်းက စစ်သား၊ ဒီတော့ စစ်ဆင်ရေးကိစ္စတွေပဲ ကိုင်တော့” ဆိုပြီး ချောင်ထိုးခဲ့ပါတယ်။
ပြည်တွင်းက အရေးပါတဲ့ လုပ်ပိုင်ခွင့်ကို ချုံ့ပစ်ခဲ့တာကို ကြည့်ရင် နံပါတ် (၁) ဟာ သူ့နေရာအတွက် ဘယ်သူ့ ကိုမဆို အသုံးချမယ်ဆိုတဲ့အချက်က ပေါ်လွင်လှပါတယ်။ ဒါ့အပြင် အာဏာသိမ်းစဉ်က သေဖော်သေဖက် ဖြစ်တဲ့ တပ်တွင်းခေါင်းဆောင်အဆင့်ဆင့်ကို ဖြုတ်ချခဲ့၊ နေရာဖယ်ပစ်ခဲ့တာကို ကြည့်ရင် မင်းအောင်လှိုင်ဟာ သုံးလို့ရရင် သုံးမယ်၊ သုံးလို့မရရင် ဖယ်ထုတ်ပစ်တာကို ပိုမြင်သာစေမှာပါ။
အခု စစ်အုပ်စုအလိုကျ ကြိုးရှုပ်ပြရမယ့် ရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့်ရက်တွေ၊ ဆန္ဒနယ်မြေတွေကို တစ်ဆင့်ချင်းစီ ကြေညာချက် ထုတ်ပြန်လာပါပြီ။ ဒါဟာလည်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အတွက် ထွက်ပေါက်ဖြစ်လိုဖြစ်ငြား လုပ်လာတဲ့ အခင်းအကျင်းတစ်ခုပါ။
ရွေးကောက်ပွဲဆိုတဲ့ မူလအနှစ်သာရကို ဖျက်ဆီးမယ့် လုပ်ကြံမှုကြီးတစ်ခုပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ လူထုကရွေးချယ်ထားတဲ့သူတွေကို ဖမ်းဆီး-ထောင်ချထားသလို မခံနိုင်လို့ ဆန္ဒပြကန့်ကွက်တဲ့ လက်နက်မဲ့လူထုကို သတ်ဖြတ်မှုတွေ လုပ်လျက်ရှိပါတယ်။ နိုင်ငံပိုင် ကာကွယ်ရေးယန္တရားဖြစ်တဲ့ စစ်တပ် ကိုလည်း ခါးပိုက်ဆောင်တပ်လို သဘောထားပြီး နိုင်ငံအနှံ့ စစ်ကြောင်းထိုး သတ်ဖြတ်၊ ရွာစဉ်လှည့် မီးရှို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခွင့် တရားဝင်ခွင့်ပြုပေးပြီး လူထုနဲ့ဆန့်ကျင်ဘက်ကနေ တိုင်းပြည်ကို ဖျက်ဆီး နေတာပါ။
ဗိုလ်ချုပ်နေဝင်းကစလို့ ဒီကနေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် ခံတပ်နှစ်ခုကို အမြဲတမ်း အားကိုးလေ့ရှိပါတယ်။ ဒါကတော့ စစ်တပ်နဲ့ အခြေခံဥပဒေပါ။ ခုခံသူတွေက အင်အားသေးရင် စစ်တပ်နဲ့ အသေအကျေ သတ်ခိုင်း၊ ပြီးရင် တရားဝင်မှုဆိုတာကို အခြေခံဥပဒေသုံးပြီး ဘောင်ဝင်အောင်တည်ဆောက်တာပါ။ ဒီကနေ့ မင်းအောင်လှိုင်လက်အောက်က စစ်တပ်ဟာ နွေဦး တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ အားကြောင့် ယိုင်နဲ့ချိနဲ့နေပါပြီ။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကြီးကို အသက်သွင်းလာတာသာ ဖြစ်တယ်။
ရွေးကောက်ပွဲဆိုတာ ပါဝင်ယှဉ်ပြိုင်သူမရှိရင် မဖြစ်မြောက်နိုင်သလို လူထုပါဝင်မှုမရှိရင်လည်း အဓိပ္ပာယ် မဲ့ပါလိမ့်မယ်။ မင်းအောင်လှိုင်ကတော့ လူထုပါဝင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက ရွေးကောက်ပွဲဝင်ပါတီ ရှိရေးဖြစ်တာကြောင့် သုံးနေကျထုံးစံအတိုင်း အရင်ရဲချုပ် ဦးခင်ရီ ခေါင်းဆောင်နေတဲ့ ကြံ့ခိုင်ရေးပါတီကို နယ်ရုပ်လို ပွဲထုတ်ကစားလာပါပြီ။ အခု ပွဲထုတ်ကစားလာတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဖြစ်တည်မှုနဲ့ သမိုင်းကြောင်းကို ဆန်းစစ်ကြည့်ပါ။
အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှေးရိုးစွဲနဲ့ အမျိုးသားရေးဝါဒီအခြေခံဖြစ်ပြီး ဖြစ်တည် လာတဲ့ လူမှုအသင်းအယောင်ဆောင်အဖွဲ့ကနေ ၂၀၁၀ ဇွန်လ ၂ ရက်နေ့မှာ ပါတီအသွင်ပြောင်းလာတာပါ။ ဒီပါတီဟာ စစ်တပ်လက်ထဲကအာဏာကို အရပ်ဘက်ကနေ ပြောင်းလဲယူဖို့ ဖြစ်တည်လာခြင်းသာ ဖြစ်ပါတယ်။ အစဉ်အဆက် ပါတီကို ခေါင်းဆောင်သူတွေကိုကြည့်ရင် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်တွေချည်းပါပဲ။
ပါတီအသွင်မပြောင်းခင်နဲ့ ပြောင်းပြီးကာလတွေကိုကြည့်ရင် ဗိုလ်ချုပ်သိန်းစိန်၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ် ဌေးဦး၊ ဗိုလ်ချုပ်သန်းဌေးနဲ့ အခု ဗိုလ်ချုပ်ခင်ရီတို့ဖြစ်ပါတယ်။ အခု ကြံခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ခင်ရီ ခေါင်းဆောင်တဲ့ကာလမှာလည်း ပါတီထိပ်ပိုင်းတွေကိုကြည့်ရင် ဗိုလ်ချုပ်မြတ်ဟိန်း၊ ဗိုလ်ချုပ်လှထွန်း၊ ဗိုလ်ချုပ်သောင်းအေး စတဲ့ တစ်ချိန်က စစ်တပ်မှာ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးအဆင့် တာဝန်ယူခဲ့ဖူး သူတွေချည်းသာ ဖြစ်ပါတယ်။ ပါတီဖွဲ့စည်းပုံအရ အရပ်သားကို ကိုယ်စားမပြုဘဲ စစ်တပ်အကျိုးကိုသာ ဖော်ဆောင်ကြမယ်ဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။
၂၀၁၀ ရွေးကောက်ပွဲ နိုင်ခဲ့တာကိုကြည့်ရင်လည်း လူထုအမှန်တကယ်ထောက်ခံတဲ့ပါတီတွေ မပါတာ၊ ကြိုတင် မဲတွေနဲ့ ကလိန်စေ့ငြမ်းခဲ့တာတွေကြောင့်သာ ဖြစ်တယ်။ ၂၀၁၀ နဲ့ အနီးဆုံး ၂၀၁၂ ကြားဖြတ်မှာ ခွက်ခွက် လန်အောင်ရှုံးတာကိုကြည့်ရင် လူထုဟာ စစ်တပ်အတွက် အလုပ်လုပ်ပေးတဲ့ ကြံ့ခိုင်ရေးပါတီကို လုံးဝ မကြိုက်ဘူးဆိုတာ ဘူးပေါ်သလို ပေါ်နေပြီးသားပါ။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး အဲဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၄၅ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အထိ အနိုင်ရရှိခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
၂၀၁၅ မှာ လူထုရဲ့သဘောထားဟာ ပိုပြီးပေါ်လွင်တာကိုမြင်ရမှာပါ။ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကြေညာခဲ့တဲ့ ရလဒ်များအရ NLD ဟာ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၄၈ နေရာအထိ ရရှိခဲ့ပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်အရေအတွက်ကိုပင် ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၀ မှာလည်း ထပ်ရှုံးပြန်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပေါင်းကြံပြီး အဓမ္မအာဏာသိမ်းယူတာမဟုတ်ပါလား။
အခု ရွေးကောက်ပွဲအခင်းအကျင်းတစ်ခုလုံးကိုကြည့်ပါ။ အာဏာသိမ်းစစ်တပ် သက်ဆိုးရှည်ရေးထက် မင်းအောင်လှိုင် အာဏာဆက်ကိုင်ထားရေးကိုသာ ဦးတည်တာကို မြင်ရမှာပါ။ ဒီကနေ့ မင်းအောင်လှိုင်ဟာ သူ့လက်ထဲ အာဏာဆက်ရှိရေး (စစ်တပ်အာဏာရှိရေးမဟုတ်)၊ သူနဲ့သူ့မိသားစုလုံခြုံရေးအတွက်သာ ဖြစ်တယ်ဆိုတာကို ယူထားတဲ့ ရာထူးနေရာတွေက ဖော်ပြနေပါတယ်။
စစ်အုပ်စုကျောထောက်နောက်ခံယူထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ မင်းအောင်လှိုင်အသုံးတော်ခံအစိုးရ (လူထု မထောက်ခံသောအစိုးရ) တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပါတီခေါင်းဆောင်တွေ “မင်းလုပ် အုပ်ချုပ်” ခွင့်၊ သမ္မတနေရာယူခွင့်ဆိုတာ မင်းအောင်လှိုင်ပေးမှ၊ ကျွေးမှ၊ ကမ်းမှ စားရမယ့်အခြေအနေပါ။ ဒါကြောင့်လည်း ကြံ့ခိုင်ရေးပါတီထဲပါတဲ့ ဗိုလ်ပြုတ်လှဆွေက သူတို့ပါတီ အစိုးရဖွဲ့နိုင်တော့မယ်ဆိုတာချည်းပဲ ထထအော် နေတာပါ။ ငါတို့ပါတီ ခေါင်းဆောင်နိုင်ပြီလို့ မကြွေးကြော်ရဲပါဘူး။
ထို့အတူပါပဲ။ အခု လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌလုပ်တဲ့ ဗိုလ်ပြုတ်ခင်ရီကိုလည်း ကြည့်ပါ။ အနုပညာရှင် ဖက်ခွတ်စားတွေနဲ့ ပတ်တွေ့၊ ရပ်ရွာအလိုက် ပလေကပ်ဝတ်လူမိုက်ပေါင်းစုံကို နေရာပေး၊ နောက်ဆုံး ရှုံးသွားတဲ့ အမျိုးသမီးဘောလုံးအသင်းကိုတောင် မြေးဖြစ်သူတွေနဲ့ ထိုင်ကြည့်ပြပြီး အမျိုးကိုချစ်တယ်ဆိုတာမျိုး လုပ်ပြ နေတာ ရှက်ဖွယ်လို့ပဲ ပြောရမှာပါ။
ကြံ့ခိုင်ရေးပါတီဟာ ပါတီဆိုတဲ့ အသက်ဝိဉာဉ်မရှိဘဲ စစ်တပ်က ကခိုင်းသလို ကနေရတဲ့ အောက်ဆွဲသာသာပါ။ ကွက်ကွက်ကလေးသာ အတင်းအဓမ္မကျင်းပမယ့် ရွေးကောက်ပွဲကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင်လုပ်၊ သူတို့နဲ့ ပလဲနံပသင့်တဲ့ အရိုးအရင်းကိုက်၊ လူထုသစ္စာဖောက်နိုင်ငံရေးသမားတွေ စုထားတဲ့ပါတီတွေ၊ ကိုယ့်ဒေသမှာတောင် ကိုယ်အခြေမချနိုင်ဘဲ တိုင်းရင်းသားအရေးလို့ အော်နေတဲ့ တိုင်းရင်းသား သစ္စာဖောက် ပါတီတွေကို နေရာနည်းနည်းပေးပြီး အစိုးရဆိုတာကြီး လုပ်လာပါဦးမယ်။
သို့ပေသိ အဆက်ဆက်က နမူနာအတိုင်းပါပဲ။ မင်းအောင်လှိုင် (စစ်တပ်တစ်ခုလုံးကို ကိုယ်စားမပြု) ပေးမယ့် အရိုးအရင်းလောက်သော လုပ်ပိုင်ခွင့်အောက်မှာ ဦးခင်ရီဟာ အပေါ်မှာဆိုခဲ့သလို ဦးမြင့်ဆွေ၊ ဗိုလ်ချုပ် စိုးဝင်းတို့လိုပဲ ဒုတိယလူအဖြစ်နဲ့ အဆုံးသတ်ပါလိမ့်ဦးမယ်။ မျက်နှာမဲကြီး တိတ်တိတ်ကျိတ်ငို၊ ကျိတ်ဆွေး ရပါလိမ့်မယ်။
စစ်တပ်က နိုင်ငံအာဏာကို လုယူထားနိုင်သရွေ့သာ ကြံ့ခိုင်ရေးပါတီ သက်ဆိုးရှည်ပါလိမ့်မယ်။ သို့ပေသိ ပါတီအမည်ခံပြီး လူထုကိုမျက်နှာမမူတဲ့ သန္ဓေဆိုး၊ စစ်တပ်အလိုကျသာ ကစားရတဲ့ အဖြစ်ဆိုးကြီးကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းစာမျက်နှာမှာ ဘယ်သောအခါမှ နေရာရလာစရာလည်း ရှိမှာမဟုတ်တော့ပါဘူး။
(ဤဆောင်းပါးပါ အကြောင်းအရာသည် စာရေးသူ၏ သဘောထားအမြင်သာ ဖြစ်သည်)