ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

စစ်ကော်မရှင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းကာ စစ်သင်တန်းများပေးနေသည်မှာ ယခုအချိန်တွင် အမှတ်စဉ်(၁၆) အထိရောက်ရှိလာပြီဖြစ်ကာ တပ်သားသစ်အင်အား ၇၀,၀၀၀ ခန့် စုဆောင်းခွံထားရပြီဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းတပ်သားသစ်အဖြစ်စုဆောင်းခြင်းခံရသည့် လူငယ်အများစုမှာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ရန်နှင့် စစ်တပ်အတွင်းမှ ထွက်ပြေးရန် ဆန္ဒရှိကြသော်လည်း ၎င်းတို့အနေဖြင့် မည်သို့ ဆက်သွယ်ချိတ်ဆက်ထွက်ပြေးကြရမည်ကို မသိရှိကြကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့အစည်းထံမှ သိရသည်။

“သေချာတာတခုကတော့ ပြည်သူ့စစ်မှုထမ်းတွေမှာ ၁၀ မှာ ၇ ယောက်၊ ၈ ယောက်လောက်က ပြေးချင်နေတဲ့သူကြီးပဲ။ မပြေးချင်တဲ့ ၂ ယောက်လောက်ကလည်း နိုင်ငံရေးအခင်းအကျင်းကို နားမလည်တာရယ်၊ တပ်အသိုင်းဝိုင်းကဖြစ်တာရယ်၊ တပ်ရဲ့စည်းရုံးမှုအောက်ကိုပါသွားတာရယ်ကြောင့် သူတို့က မပြေးကြတာမျိုးပဲရှိတာ။ နောက်ပြေးချင်တဲ့သူတွေကလည်း ဘယ်ကိုဆက်သွယ်ရမလဲ မသိကြဘူး” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်ကာ တပ်တွင်းမှ ထွက်ပြေးကြသူအများစုမှာလည်း နီးစပ်သည့် မိဘ၊ ဆွေမျိုးများနှင့် မိတ်ဆွေများမှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ရင်ခွင်ကို သိရှိကာ ဆက်သွယ်ထွက်ပြေးကြခြင်းဖြစ်ပြီး ကိုယ်တိုင် သိရှိ၍ ဆက်သွယ်သူ နည်းပါးကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်မှလည်း တပ်တွင်း နှင့် စစ်သင်တန်းများပေးရာတွင်လည်း စစ်မှုထမ်း သင်တန်းဆင်း တပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ပါက နောက်ကွယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်ကြောင်းဝါးဖြန့်ထားသည်။

ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ထွက်ပြေးရန်ကြံစည်သည့် ၎င်းတို့၏ တပ်သားများကို ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ရင်ခွင်ထံမှ သိရသည်။

“သူတို့ဟာသူတို့လာဆက်သွယ်လို့ ကျွန်တော်တို့က ထုတ်ပေးတာရှိပေမဲ့ အရေအတွက်ခြင်း ယှဉ်ကြည့်ရင် စစ်တပ်ထဲပါသွားရင် သူတို့တွေက ဘယ်ကိုထွက်ရမှန်းမသိကြသေးတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲ့ဒီတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်း တော်လှန်ရေးအခင်းအကျင်းကို လူငယ် တွေအနေနဲ့ မသိကျိုးကျွံပြုမထားသင့်ဘူး” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရသည့် တပ်သားသစ်များ နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် များအနေဖြင့် အလင်းဝင်ရောက်လိုပါက ပြည်သူ့ရင်ခွင် အဖွဲ့အစည်းထံသို့ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ဖြစ်စေ ဆက်သွယ်နိုင်ပြီး ပြည်သူ့ရင်ခွင် အနေဖြင့် တက်နိုင်သည့်ဘက်မှ ကြိုးစားခေါ်ထုတ်ပေးနေကြောင်းလည်း သိရသည်။

၂၀၂၅ခုနှစ် နှစ်စမှ ပြီးခဲ့သည့် ဇူလိုင်အထိ ခုနစ်လတာကာလအတွင်း စစ်ကော်မရှင်၏ ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ်အသီးသီးမှ တပ်သားသစ် ၂၄၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်