
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်စစ်ဆင်ရေး ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် အဖွဲ့များကို ပေးအပ်နေသော အကူအညီများကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ရပ်ဆိုင်းလိုက်မှုသည် စစ်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။
“ဝ” တပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် ရှမ်းပြည်တပ်မတော် (SSPP)တို့ကို ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်တွင် ပန်ဆန်းမြို့သို့ ဖိတ်ခေါ်ကာ စစ်ရေး၊ စီးပွားရေးအရ ထောက်ပံ့ကူညီ မှုများ ရပ်ဆိုင်းတော့မည်ဟု တရားဝင်အသိပေးခဲ့ကြောင်း “ဝ” သတင်းဌာန WSTV ၏ ထုတ်ပြန်ချက် အရ သိရသည်။
ယင်းအခြေအနေသည် ရှမ်းမြောက်တွင် စစ်ကော်မရှင်ကို အထိနာစစ်ရှုံးစေသည့် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသော TNLA နှင့် MNDAA တို့အပေါ် အစောပိုင်းကတည်းက တရုတ်အစိုးရ ပြုလုပ်ထားသည့် ဖြတ်ငါးဖြတ်၏ လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံရေးသုတေသီတစ်ဦးက ဧရာဝတီ တိုင်းမ် ကို ပြောသည်။
“အဓိကက ကျည်ဆံခက်ခဲလာမှာပေါ့။ “ဝ” ဆီကိုလည်း သူတို့ပေးရဖို့ အကြွေးတွေရှိသေးတယ်။ တစ်နိုင်ငံလုံး စစ်မျက်နှာအခြေအနေ သုံးသပ်ရင် စစ်ပွဲတွေ လျော့နည်းလာမယ့် သဘောရှိတယ်။ အခြားနေရာကနေ အစားထိုးကျည် မရနိုင်ဘူး။ KIO ကလည်း သူသုံးဖို့လောက်ပဲ သူထုတ်နိုင်မယ်” ဟု နိုင်ငံရေး သုတေသီက သုံးသပ်သည်။
တရုတ်အစိုးရသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ဟု အကြိမ်ကြိမ် ပြောကြားနေသော်လည်း အာဏာသိမ်းစစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်ကို အားပေး ထောက်ခံလျက် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ကူညီမှုများ ပေးလျက်ရှိသည်ကို ထုတ်ပြန်ချက် များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။
ယင်းအပြင် တရုတ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ၎င်း၏ အကျိုးစီးပွားများ၊ အထူးသဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၏ လုံခြုံရေးကို အဓိကထားစိုးရိမ်နေသဖြင့် ၂၀၂၄ ခုနှစ်မှစတင်၍ ညီနောင်မဟာမိတ်အဖွဲ့များကို ‘ဖြတ်ငါးဖြတ်’ ကျင့်သုံး လာကြောင်း သိရသည်။
“ကိုးကန့်ကိုတော့ လောလောဆယ် ဒီအတိုင်း လွှတ်ထားဦးမယ်။ နောက်ဆုံးမှ အကြောင်းတစ်ခုခုပြပြီး ကိုင်တွယ်လိမ့်မယ်။ TNLA ကိုတော့ ဆွေးနွေးပွဲမစမီ အပြင်းအထန်ဖိအားပေးနေတယ်။ ဒါမှလည်း အပေါ်စီးက ပြောလို့ရမှာကို” ဟု နိုင်ငံတကာအရေး လေ့လာစောင့်ကြည့်သူ ဦးလှစိုးဝေက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အဆိုပါ တရုတ်အစိုးရ၏ ဖြတ်ငါးဖြတ်ဆိုသည်မှာ ရေ၊ လျှပ်စစ်၊ အင်တာနက်၊ ထောက်ပို့နှင့် လူအင်အားများအား ဖြတ်တောက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးရန် တွန်းအား ပေးလျက်ရှိသည်။ ထို့ပြင် စစ်ကော်မရှင်၏ အရပ်သားများပေါ် ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကိုလည်း တရုတ်အစိုးရက မသိဟန်ဆောင် လျက်ရှိသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ တင်ပို့နေသည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် လောင်စာဆီစသော ကုန်စည်များကို ပိတ်ဆို့ထားမှုကြောင့် EROs ဒေသများတွင် အခက်အခဲဖြစ်ပေါ်နေကာ စစ်ကော်မရှင်ကလည်း ဖြတ်လေးဖြတ် လုပ်ဆောင်၍ လေကြောင်းအားပြု တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“အခုလက်ရှိ ရှမ်းမြောက်မှာ စစ်ကောင်စီကို ခေါင်းမာမာနဲ့ သတ္တိရှိရှိ ပြန်ပြီးတိုက်နေတဲ့အဖွဲ့ကလည်း TNLA တပ်ဖွဲ့ပဲရှိတော့တယ်။ အဲဒီတော့ ကူမင်းကနေ ပြန်လာမယ့် TNLA အနေအထားကို ကြည့်ရမယ်” ဟု စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်အစိုးရသည် ၎င်းထောက်ခံကူညီနေသည့် စစ်ကော်မရှင် စစ်ရှုံးလာသဖြင့် ကြားဝင်သည် ဟုဆိုကာ ၁၀၂၇ စစ်ဆင် ရေးဖော်ဆောင်နေသော ညီနောင်မဟာမိတ်များကို ဖိအားပေး၍ နှစ်ဖက်ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယခုဩဂုတ်တွင်လည်း TNLA နှင့် စစ်ကော်မရှင်တို့ ကူမင်းမြို့၌ တွေ့ဆုံရန် ရှိနေကြောင်း သိရသည်။
ထိုဆွေးနွေးပွဲအခြေအနေနှင့် တရုတ်အစိုးရဖိအားကြောင့် “ဝ” တပ်ဖွဲ့က စစ်ရေး၊ စီးပွားရေး အကူ အညီများ ရပ်ဆိုင်းလိုက်မှုအပေါ် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်ကို သိရှိနိုင်ရေး TNLA နဲ့ MNDAA တာဝန်ရှိသူများထံ မေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက လက်ရှိတိုင် ဆက်သွယ်နေဆဲဖြစ်သည်။
“စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆိုတာ အင်အားကြီးမှုနဲ့ လိုချင်တာ တောင်းယူဖို့၊ သူတို့ဖက်က ဘာမှလိုက်လျောဖို့ မရှိဘူး။ တော်လှန်ရေးမှာ ဘယ်လိုမှ အသာစီးပြန်ရဖို့ မလွယ်ပါ၊ အရေးကြီးတာက အညာတပ်တွေ အင်အားကောင်းလာဖို့ပဲ။ ရွေးကောက်ပွဲမတိုင်မီ ထိုးစစ်ကြီးတရပ် ထွက်လာ လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ဦးလှစိုးဝေက ဆိုသည်။
တရုတ်အစိုးရသည် အာဏာသိမ်းစစ်တပ်ဘက်မှရပ်တည်၍ စစ်ကော်မရှင်ကို တော်လှန်နေသည့် EROs များမှာ တရုတ်အစိုးရ၏ နည်းမျိုးစုံဖြင့် ဖိအားပေးခြင်းကို ခံနေရသည်။
ယခုကဲ့သို့ နည်းမျိုးစုံဖိအားပေးခံနေရသည့် အခြေအနေတွင် ကချင်လွတ်လပ် ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က “မကောင်းဆိုးဝါးကို ဒူးမထောက်ဘဲ အတူတူရင်ဆိုင်ကြမည်” ဟု အဓိပ္ပာယ်ရသည့် Mufasa: The Lion King ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခုကို ယမန်နေ့ ဩဂုတ် ၂၂ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ ပြသ၍ အသိပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်၌ စတင်သော ၁၀၂၇ စစ်ဆင် ရေး ပထမလှိုင်းအတွင်း MNDAA သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့အပါအဝင် နယ်စပ်မြို့များနှင့် ကိုးကန့်ဒေသကိုလည်းကောင်း၊ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ် အများစုကိုလည်းကောင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့အတူ TNLA ကလည်း နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်အပါအဝင် မြို့နယ် ၁၂ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ရာ နောက်ပိုင်းတွင် တရုတ်အစိုးရ၏ ဖိအားပေးပြင်းထန်လာမှု၊ စစ်ကော်မရှင်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတို့ကြောင့် လားရှိုးနှင့် နောင်ချိုမြို့တို့ကို ပြန်လည်လက်လွှတ်ပေးခဲ့ရသလို ကျန်ဒေသများတွင်လည်း ဗုံးကြဲခံနေရကြောင်း သိရသည်။
ဓာတ်ပုံ – WSTV