
(မရာ)၊ဧရာဝတီတိုင်းမ်
သြဂုတ် ၂၂ ရက်
ချင်းပြည်နယ်၊ မရာဒေသတွင် မရာကာနယ်မြေကာကွယ်ရေးတပ်(MDF) ၏ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သာသနာ့အဆောက်အအုံများပျက်စီးသွားကြောင်း မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့က ယမန်နေ့ သြဂုတ် ၂၁ ရက်နေ့တွင် ထုတ် ပြန်သည်။
မရာဒေသ၊ ငဖိုင်းပီရွာသစ်ရှိ မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ရုံးဝင်းအတွင်းကို ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် MDF မှ ရည်ရွယ်ချက်ရှိရှိ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသမီးဌာန၊ အတွင်းရေးမှူးနေအိမ် ထိမှန်ပျက်စီးခဲ့သည်။
MDF ၏ ထိုကဲ့သို့ ဒရုန်းဖြင့် သာသနာ့ အဆောက်အအုံကို တိုက်ခိုက်သည့်အပေါ် ဝမ်းနည်းကြောင်း နှင့် မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေးအဆောက်အုံများအား ရှောင်ရှားကြရန်လည်း မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့က တောင်းဆိုထားသည်။
ငဖိုင်ပီရွာသစ်ရှိ မရာနှစ်ခြင်းဘုရားကျောင်းတွင် CDF-Mara ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲထားပြီး ၎င်းနေရာမှ MDF ရှိရာ စခန်းကို ဒရုန်း ဗုံးကြဲတိုက်ခိုက်သည့်အတွက်က် ပြန်လည်ခုခံတိုက်ခိုက်ခြင်းဖြစ်ကြောင်း MDF တာဝန်ရှိသူ ဆိုသည်။
“CDF-Mara ပူးပေါင်းတပ်တွေ ဘုရားကျောင်းမှာ တပ်စွဲထားပါတယ်။ အဲတပ်စွဲထားတဲ့ ဘုရားကျောင်းကနေ MDF ရှိတဲ့ စခန်းကို ဒရုန်းနဲ့ လာတိုက်ခိုက်တယ်။ ကျွန်တော်တို့လည်း ဒရုန်းကို ပြန်ချတာပါ။ ဘုရားကျောင်းမှာ CDF-Mara တွေ တပ်စွဲထားတာကြာပါပြီ။ ဘုရားကျောင်းလည်း မတက်ကြတော့ဘူး။ လူတွေကလည်း တစ်ယောက်မှ မရှိတော့ အဲမှာ တပ်စွဲထားပြီး နေရာယူထားတာပါ” ဟု MDF ကာကွယ်ရေးအတွင်းရေးမှူး Dr. Bik က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မရာနှစ်ခြင်း ဘုရားကျောင်းကို ဦးတည်ရည်ရွယ်၍ တိုက်ခိုက်ခြင်း မဟုတ်ဘဲ CDF-Mara ပူးပေါင်း တပ်ဖွဲ့တို့ တပ်စွဲထားသည့်နေရာကို ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခြင်းသားဖြစ်ကြောင်း Dr. Bik က ဆိုသည်။
ငဖိုင်းပီရွာသစ် ဘုရားကျောင်းတွင် တပ်စွဲထားပြီး MDF စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ CDF-Mara တာဝန်ရှိသူထံ ဆက်သွယ်ထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပါ။
မာရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့သည် ခရစ်တော်၏ ကယ်တင်ခြင်းတရားပြန့်ပွားရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတရား လူတိုင်းသိရှိနားလည်လက်ခံရန် အမှုတော်မြတ်အား ဆောင်ရွက်နေသည့် သာသနာအဖွဲ့အစည်းဖြစ်ကြောင်း ဆိုထားသည်။
ခရစ်တော်ယုံကြည်သူဖြစ်လျက်နှင့် သာသနာအဆောက်အအုံကို ဖျက်ဆီးခြင်းအပေါ်အထူးဝမ်းနည်းကြောင်းနှင့် ဆုတောင်းခြင်းဖြင့်ကူညီကြရန် မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့က တိုက်တွန်းထားသည်။
ဓာတ်ပုံ-MDF
ပုံစာ- MDF သင်တန်းဆင်း ရဲဘော်များကို တွေ့ရစဥ်