
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ရှမ်းပြည်နယ်( အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ဝ ပြည်ထဲရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် နမ့်ခုတ်မြစ် ရေထုညစ်ညမ်းမှုဖြစ်ပေါ်နေ၍ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံပူးပေါင်းဖြေရှင်းရန် အလုပ်ငန်းအဖွဲ့ဖွဲ့မည်ဖြစ်ကြောင်း စစ်ကော်မရှင်အာဘော်သတင်းစာတွင်ဖော်ပြထားသည်။
နေပြည်တော်၌ ဩဂုတ် ၂၀ ရက်နေ့တွင် စစ်ကော်မရှင်လက်အောက်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ရီအပါအဝင်အာဏာသိမ်းအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီးဌာနဝန်ကြီးတို့တွေ့ဆုံရာတွင် သဘောတူညီချက်ရရှိခြင်းဖြစ်သည်။
မြန်မာ- ထိုင်းနှစ်နိုင်ငံအနေဖြင့် ရေအရည်အသွေးဆိုင်ရာအချက်အလက်များဖလှယ်ခြင်း၊ ရေအရည်အသွေးစီမံခန့်ခွဲခြင်းနယ်ပယ်တွင် မြှင့်တင်နိုင်ရေးနည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားရန်နှင့် နည်းပညာအကူအညီအပါအဝင် အသိပညာမြှင့်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ထံမှ သိရသည်။
ရေအရင်းအမြစ်အရည်အသွေးနှင့်ပတ်သက်ပြီး အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံနှင့် ရေရှည်လက်တွဲ၍ ရေထုညစ်ညမ်းမှုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထိုင်းနိုင်ငံဘက်က ပြောကြားသည်။
နမ့်ခုတ်မြစ်သည် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်မှစတင်စီးဆင်းကာ ချင်းမိုင်ခရိုင်ထဲစီးဝင်သွားသဖြင့် ရှမ်းပြည်ဒေသခံများနှင့် ထိုင်းနိုင်ငံ ချင်းမိုင်းခရိုင်ရှိဒေသခံများက ရေညစ်ညမ်းမှုအကျိုးဆက်ကိုခံစားနေရကြောင်းသိရသည်။
နမ့်ခုတ်မြစ်အနီးတွင် မြေရှားသတ္တုတွင်းများဆယ်နှင့်ချီရှိသဖြင့် ယင်းလုပ်ငန်းသုံးစွှန့်ပစ်ဓာတုပစ္စည်းများ၊ အာဆင်းနစ်ဓာတ်ပါဝင်နေမှုကြောင့် ရေထုညစ်ညမ်းနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဝ ပြည်ထဲတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများများလာပြီး ၂၆ ခုကျော်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF က ယခုနှစ် မေလတွင် အစီရင်ခံစာထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကော်မရှင်၊ SHRF