ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းထားများ ကျဆင်းသဖြင့် ယခုတစ်ပတ်အတွင်း ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးနှုန်း ကျပ် သုံးသိန်း (၃၀၀,၀၀၀) ကျော် ဈေးကျလာကြောင်း ရွှေဈေးကွက်မှ စုံစမ်းသိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းမှုတို့နှင့်အတူ ထိုင်းဘတ်ငွေဈေးပါ ကျဆင်းလာရာ ဈေးကွက်ချိတ်ဆက်နေသည့် ပြည်တွင်းရွှေဈေးနှုန်းပါ ကျဆင်းလာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ယနေ့ ဩဂုတ် ၂၂ ရက်တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၃၃၈ ဖြစ်ပြီး ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၇၃ သိန်း ၂ သောင်းရှိကြောင်း ရွှေဈေးကွက်မှ စုံစမ်းသိရသည်။

“ရွှေဈေးကျတယ်။ ဒီလိုဖြစ်တာက ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေးပေါ့။ ဈေးတွေပြိုင်ပြီး ဆင်းသွားတော့ သူလည်းမခံနိုင်ဘူး။ ကမ္ဘာ့ရွှေဈေးကျတယ်။ မြန်မာပြည်တွင်းဒေါ်လာဈေးတွေလည်း ဆင်းတယ်။ အကုန်လုံးက ဈေးဆင်းမယ်လို့ ပြောနေတယ်။ ဒါပေမဲ့ ခန့်မှန်းရခက်တယ်။ ကျတယ်ပြောပေမဲ့ အရင်က ၁၀ သိန်းလောက်ပဲရှိတာ။ အခုတက်လာတာအများကြီး။ အခုမှန်းနေတာ သိန်း ၇၀ အောက်ဆင်းမယ် ပြောကြတယ်။ အတိအကျမပြောတတ်ဘူး။ သူ့ဘာသာဖြစ်တော့ ဘယ်သူ့မှလည်း မမှန်းတတ် ဖြစ်နေ တယ်” ဟု ရွှေဈေးကွက်ကျွမ်းကျင်သူက ဧရာဝတီတိုင်းမ်ကို သုံးသပ် ပြောကြားသည်။

ထို့ပြင် အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၄,၃၂၀ ကျပ် ၊ ထိုင်းတစ်ဘတ်လျှင် ၁၃၀ ကျပ် ရှိကြောင်း နိုင်ငံခြားငွေလဲလှယ်သူများထံမှ သိရသည်။

ယခုတစ်ပတ် ဩဂုတ် ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၃,၃၃၆ ဒေါ်လာ၊ ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ် ၇၆ သိန်း ၄ သောင်းရှိပြီး အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၄,၄၁၅ ရှိကြောင်း နိုင်ငံခြားငွေလဲလုပ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိနိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများကျဆင်းနေသည့်အခြေအနေများကြောင့် ပြည်တွင်းအခေါက် ရွှေဈေးက တစ်ကျပ်သားလျှင် ကျပ် သိန်း ၇၀ အောက်ထိ ကျဆင်းနိုင်ခြေရှိကြောင်း ရန်ကုန်မြို့ရှိ ရွှေဘုံသာလမ်းရွှေဈေးကွက်မှ ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် စစ်ကော်မရှင်က စက်သုံးဆီလုပ်ငန်းရှင်များနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံ နိုင်ငံခြားငွေရောင်းချမှုများ မကြာခဏလုပ်ဆောင်နေပြီး စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။