ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ထိုင်းတွင် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ရာဇဝတ်မှုများပိုမိုမြင့်တက်လာသည့်အတွက် ထိုင်းအစိုးရက ဖုန်းဆင်းမ်ကတ်များ မှတ်ပုံတင်ရာတွင် ယခင်ကထက် ပိုမိုတင်းကျပ်သည့် စီမံချက်များပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အမျိုးသားအသံလွှင့်လုပ်ငန်းနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်မှစတင်ကာ Liveness Detection နည်းပညာကို အသုံးပြုခဲ့ပြီး အဆိုပါစနစ်သည် ဆင်းမ်ကတ်အသစ်ဝယ်ယူသူနှင့် နံပါတ်တူကတ်အသစ်လဲသူများတွင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေကိုကာကွယ်ဖို့ အစိုးရအနေနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို ချက်ချင်း ကိုင်တွယ် ဖြေရှင်းနေပါတယ်။ ဒီစီမံချက်တွေက ဖုန်းနံပါတ်တွေနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို လျှော့ချပေးပြီး ပိုပြီးလုံခြုံတဲ့ နည်းပညာရပ်ဝန်းကို ဖန်တီးပေးနိုင်လိမ့်မယ်” ဟု ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့် ရှိသူ Anukool Pruksanusak က ပြောကြားခဲ့သည်။

ဖုန်းဆင်းမ်ကတ်အသစ်ဝယ်ယူသူများမှာ ၎င်းတို့ဝယ်ယူသည့် အရောင်းဆိုင်များရှိ အက်ပလီကေးရှင်း မှတစ်ဆင့် မှတ်ပုံတင်ရမည်ဖြစ်သည်။ ထိုသို့မှတ်ပုံတင်ရန်အတွက် ထိုင်းနိုင်ငံသားများမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားပြသရန်လိုအပ်ပြီး နိုင်ငံခြားသားများမှာမူ နိုင်ငံကူးလက်မှတ်နှင့် သက်ဆိုင်ရာမူရင်း စာရွက်စာတမ်းများ လိုအပ်ကြောင်း သိရသည်။

Liveness Detection နည်းပညာသည် ဘဏ်များတွင် အသုံးပြုသည့် နည်းပညာနှင့်ဆင်တူပြီး မျက်နှာအိုင်ဒီဖြင့် အသိအမှတ်ပြုကာ လိမ်လည်သူများထံမှ ပုံများ၊ ဗီဒီယိုများနှင့် 3D မျက်နှာဖုံးများအသုံးပြုကာ လိမ်လည်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းအစိုးရသည် အွန်လိုင်း ငွေကြေးလိမ်လည်ခြင်းများကို ပြင်းထန်စွာနှိမ်နင်းနေပြီး ဖုန်းဆင်းမ်ကတ်များအပြင် မြန်မာနိုင်ငံသားများ အလည်ဗီဇာသုံးကာ ဖွင့်ထားသည့် Bangkok Bank အကောင့်များကိုလည်း ပိတ်ပင်နေကြောင်း သိရသည်။