ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လက်နက်၊ ခဲယမ်း၊ ရိက္ခာ ထောက်ပို့ပြီး ပြန်ဆင်းလာသည့် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများမှ ကမ်းနံဘေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

ကလေးဝနယ်၊ မင်းကင်း၊ ကနီနယ်စပ်အထိရောက်ရှိလာသည့် စစ်ရေယာဉ်အုပ်စုကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

“ရှေ့ပွိုင့်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဆင်းလာတယ်။ သင်္ဘောကမ်းကပ်ရင်လည်း စစ်ကြောင်းထိုး နယ်မြေရှင်းတယ်ဆိုပြီး ရွာတွေကို ပစ်ခတ်ဝင်ရောက်တာတွေ ရှိပါတယ်” ဟု ကလေးဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ရေယာဉ်အုပ်စုသည် ဩဂုတ် ၂၀ ရက်တွင် ကနီနယ်နှင့် ယင်းမာပင်အစပ်နယ်များကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ကျေးရွာ ၁၁ ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ကနီနယ်အတွင်းမှ နတ်ကြီး၊ မုဌော၊ ချိုင်၊ ရွှေစာရေး၊ အုန်းပင်ဆိပ်၊ နတ်လာပို့၊ အိုင်ထောင်နှင့် ယင်းမာပင်နယ်ထဲမှ ကျောက်မှော်၊ သံဘို၊ စေသူ၊ စုန်းကျင်းကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ဩဂုတ် ၂၀ ရက်တွင် ကလေးဝမြို့နယ်အတွင်း ညအိပ်ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြစ်ကာ ကမ်းနံဘေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေခြင်းဖြစ်သည်။

အဆိုပါ စစ်သင်္ဘောများမှာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း စသည့်မြို့ရွာများမှ စစ်တပ်စခန်းများနှင့် ပျူစောထီးရွာများကို လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် လူအင်အားများဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့သည်။

မြစ်ကြောင်းအတိုင်းတက်လာစဉ်ကလည်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ဆီးကြိုတိုက်ခိုက် မှုကို ခံခဲ့ရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း

ပုံစာ-အလုံစစ်ပင်ဆိပ်ကမ်းမှစုန်ဆင်းလာသည့် စစ်သင်္ဘောများမှတ်တမ်းဓာတ်ပုံများဖြစ်ပါတယ်။