
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားနေကြောင်း သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများပြားသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးနေသော်လည်း ဆေးရုံမဆံ့တော့ဘဲ စစ်တွေနှင့် ရန်ကုန်သို့ပါ ပို့ဆောင် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်တွေကို အင်အားဖြည့်အဖွဲ့တွေနဲ့အတူ ဒဏ်ရာရ စစ်သားတွေကိုပါ ရေကြောင်းက ပို့နေတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဖြူတိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က စစ်သင်္ဘောဖြင့် တင်ဆောင်ကာ စစ်တွေဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သူနှင့် အရာရှိများကို ရန်ကုန်သို့ လေ ကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မင်းတပ်တောင်၊ ပြင်ရှည်၊ ကြတ္တိန်၊ လိပ်ခမော် စသည့်နေရာများတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့များကို ခလရ-၃၄၊ ခမရ-၅၄၂၊ ခမရ-၅၄၃ တပ်ရင်းများသို့ အရေးပေါ် ဆေးကုသရန် ပို့ဆောင်ထားကာ ကျောက်ဖြူ ခုတင် ၂၀၀ ဆန့်ဆေးရုံကိုလည်း အသုံးပြုနေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးမှုပြန်လည်ရယူရန် အင်အား အလုံးအရင်းသုံး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်၊ ရဲတပ်ရင်း (၃၂) တို့မှ လက်နက်ကြီးပစ်ကူ၊ ပင်လယ်ပြင်တွင် စစ်ရေးပြင်ဆင်ထားသည့် စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ကူတို့အပြင် ဒရုန်းနှင့် စက်တပ် လေထီးများပါသုံး၍ စစ်ကော်မရှင်က တိုက်ခိုက်လျက်ရှိသည်။
လက်ရှိတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့များအနေဖြင့် အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုး လာသည်ကို AA က ပိတ်ဆို့တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုများကာ ပိတ်မိနေသည့် တပ်ဖွဲ့ဝင်များကို လက်နက်ကြီး ပစ်ကူများဖြင့် ကယ်ထုတ်၊ တပ်ဆုတ်နေရကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-ဒဏ်ရာရ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို AA က ဆေးကုသပေးနေစဉ် (ပုံဟောင်း)