MSDF-S၏ ဆင်ဖြူစစ်ဆင်ရေးပထမဆုံးလှုပ်ရှားမှူအဖြစ် ခေါဇာမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရဲစခန်းအား စက်တင် ဘာလ ၁ ရက် ယနေ့ နံနက် ၆ နာရီအချိန်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်ကာကွယ် ရေးတပ်(​တောင်ပိုင်း)MSDF-Sက သတင်း ထုတ်ပြန် သည်။

ဆင်ဖြူစစ်ဆင်ရေး၏ ပထမဆုံးစစ်ရေးလှုပ်ရှားမှုအဖြစ် တိုက်ခိုက်ခဲဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များထိခိုက်မှုရှိသော်လည်း အခြေအနေအား အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူတဦးကပြောသည်။

” ဒီနေ့တိုက်ပွဲက ကျွန်တော်အဖွဲ့ရဲ့ပထမဆုံးတိုက်ပွဲပေါ့။ သွားတုန်းက ရဲစခန်းကိုဝင်စီးနင်းဖို့စီစဉ်ထားတာ၊ ကျနော်တို့ကပ်လာတာကို ရဲကင်းက တွေ့သွားတော့ အပြန် အလှန်ပစ်ခတ်ကြတာ၊ မြေပြင်ရဲဘော်တွေရဲ့ပြောပြချက်အရ ၂ ယောက်လဲကျသွားတယ်ဆိုတာသိရတယ်။ ဘာကြောင့်လဲဲကျတာဆိုတာတော့သေချာမသိဘူး။ တိုက်ပွဲက ၁၀

မိနစ်ကျော်လောက်ကြာတယ်၊ အဲ့ဒီမှာက ခလရ ၃၁ တပ်လည်းရှိနေတော့ လုံခြုံရေးအရပြန်ဆုတ်ခဲ့ရတယ် ” ဟု MSDF-Sမှ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြော သည်။

မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း(MSDF-S) သည် မွန်လူငယ်အများစုဖြင့် ဖွဲ့စည်းထားသောတပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ၄င်းကဆိုသည်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်အောက် ခံ Non CDM ဝန်ထမ်းတွေမကြာခဏပစ်ခတ်ခံနေရသဖြင့် စစ်ကောင်စီက ရေးမြို့နယ်ကိုလုံခြုံရေးတင်းကြပ်ထားပြီး စစ်အင်အားဖြည့်တင်းထားကြောင်းသိရသည်။

#Ayeyarwaddy_Times