တစ်လအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၄၆ ကြိမ်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးကာ ပြည်သူ ၅ ဦး ကျဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁ ရက်

သြဂုတ်လအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KA၊KNDF၊PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးကာ ပြည်သူ ၅ ဦးကျဆုံးခဲ့ကြောင်း KNDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သြဂုတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေး အရ ထိန်းချုပ်နိုင်ရန်ကြိုးစားလျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုး လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ (၂၂) ရက်နေ့တွင် ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) နှင့် KNDF B10 တို့ ထိတွေ့တိုက်ပွဲ (၁၅) မိနစ်ခန့်ဖြစ်ပွား ခဲ့ပါသည်။ ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF B05

မှသွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှု များရှိခဲ့ပါသည်။ သြဂုတ်လ (၂၄)ရက်နေ့တွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ရင်း၏ ကင်းပုန်းစခန်းတခုအား ကရင်နီတပ်မတော်နှင့် (KA) နှင့် KNDF B10 တို့မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ ပါသည်။ သြဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင်

စံပြ(၆)မိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF B09 မှ စစ်ဆင်ရေး တစ်ရပ်ဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၁) ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများရှိခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။

ဘောလခဲမြို့နယ်တွင်လည်း သြဂုတ်လ (၂၅) ရက်နှင့် (၂၇) ရက်နေ့တို့တွင် မက်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF B16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများခဲ့ပြီး (၄)ဦးသေဆုံးခဲ့ပါသည်။

သြဂုတ်လ (၂၉)ရက်နေ့နံနက်ပိုင်းတွင် ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်း တံတားထိပ် စစ်ကောင်စီတပ်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF B21 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၂) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ပွန်ချောင်းစခန်းအား ကရင်နီတပ်မတော်(KA) နှင့် KNDF B14 တို့မှ သြဂုတ်လ (၂၇) ရက်နေ့တွင် တနေကုန်နီးပါး ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၃)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး သြဂုတ်လ (၃၀) ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝှဲ ကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ်စခန်းအား

KNDF B03, SSRY နှင့် PKPDF မှပူးပေါင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ (၄၀)ဦးသေဆုံး ခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့ကြောင်း KNDF ၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ (၃၂) လုံးကို လူနေရပ်ကွက်များသို့ ကြဲချခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ (၅) ဦးသေဆုံးခဲ့ရသည့်အပြင် (၁၅) ဦးဒဏ်ရာရကာ ဆေးပေးခန်း(၁)လုံးနှင့် နေအိမ် (၉) လုံးပျက်စီးခဲ့ရပြီး စေတီ တစ်ဆူလည်းပျက်စီးခဲ့ကြောင်း

သိရသည်။

ထို့အပြင် သြဂုတ်လ နောက်ဆုံးအပတ် အတွင်း စစ်ကောင်စီ တပ်သား (၄) ဦး KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#ကရင်နီ #တိုက်ပွဲ #စစ်ကောင်စီ

#Ayeyarwaddy_Times