ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် နတ်မှူးအုပ်စုတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း အသက်ပြည့်မီသူရော ပြည်သူ့စစ်မှုထမ်း အသက်မပြည့်မီသူများကိုပါ ငွေတောင်းနေ ကြောင်း ဒေသခံများထံ သိရသည်။

နတ်မှူးအုပ်စု၊ အိုးတုတ်မြစ်တန်း၊ ဂျိုးဖြူကျေးရွာ၊ ဆင်ခြံကျေးရွာ၊ ဒေါင်းဦးတိုကျေးရွာ၊ ဖိုးချစ် ကျေးရွာများရှိ ‌နေအိမ်တစ်အိမ်လျှင် ပြည်သူ့စစ်မှုထမ်းအသက်ပြည့်မီသူရှိက တစ်ဦးလျင် ‌၆၀,၀၀၀ ကျပ်၊ အသက်မပြည့်သူနှင့် သက်ကြီးရွယ်အိုပိုင်းများက တစ်ဦးလျှင် ၃၀,၀၀၀ ကျပ် ပေးနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“တော်တော်ဆိုးနေတာပါ၊ စစ်မှုထမ်းအမှတ်စဉ်အတွက် ငွေကိုတောင်းနေတာ။ ပိုက်ဆံလဲထည့် ရတယ်။ လူကိုလည်း ပေါ်တာဆွဲသလို အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်နေကြတာပါ”ဟု နတ်မှူးအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ငွေများတောင်းယူနေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးအောင်ကိုလတ်(ခ) ငလက်မ ဖြစ်ပြီး မှတ်တိုင်ကျေးရွာတွင်နေထိုင်ပြီး ရာအိမ်မှူး ဦးသန်းနိုင်မှာ ဆင်ခြံရွာတွင် နေထိုင်ကာဆယ်အိမ်မှူး ဦးဝင်းကိုမှာ နနွင်းချောင်းကျေးရွာကဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ် နတ်မှူးအုပ်စုအတွင်း ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူသည့် အပြင် ညဦးပိုင်းများတွင် ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်များကို ဝင်ရောက်ဖမ်းဆီးနေမှုကြောင့် လူငယ်အများစုမှာ အခြားဒေသတွင် သွားရောက်တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ယခင်ကထက် ပိုမိုငွေတောင်းယူလာကြပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများက ဆိုသည်။