နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

လာမည့်ဒီဇင်ဘာ၌ ပြုလုပ်သွားရန် ပြင်ဆင်နေသော ရွေးကောက်ပွဲ အပိုင်း (၁) ကို စစ်ရေးပြင်းထန်နေသည့် ဒေသများအပါအဝင် ၎င်းတို့ ထိန်းချုပ်ထားရှိသော မြို့နယ်များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ကျင်းပသွားရန် တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ကို စစ်ကော်မရှင်က ယမန်နေ့ ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ ကရင်နီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး စသည့်ဒေသများ ပါဝင်လျက်ရှိသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ၎င်းတို့ရုံးစိုက်ရာ နေပြည်တော် (၈) မြို့နယ်၊ ကချင် (၆) မြို့နယ်၊ ကရင်နီ (၂) မြို့နယ်၊ ကရင် (၃) မြို့နယ်၊ ချင်း (၂) မြို့နယ်၊ စစ်ကိုင်း (၁၂) မြို့နယ်၊ တနင်္သာရီ (၄) မြို့နယ်၊ ပဲခူး (၈) မြို့နယ်၊ မကွေး (၉) မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မန္တလေး (၈) မြို့နယ်၊ မွန် (၅) မြို့နယ်၊ ရခိုင် (၃) မြို့နယ်၊ ရန်ကုန် (၁၂) မြို့နယ်၊ ရှမ်း (၁၂) မြို့နယ်နှင့် ဧရာဝတီ (၈) မြို့နယ်တို့ဖြစ်ပြီး ယင်းဒေသများကို ထိန်းချုပ်ထားနိုင်သည်ဟု စစ်ကော်မရှင်က ယူဆနေ၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို သိမ်းပိုက် ထိန်းချုပ်ထားသလို ရွေးကောက်ပွဲ ကျင်းပမည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ အဆိုပါ မြို့နယ် သုံး မြို့နယ်တွင်လည်း မြို့ပေါ်လောက်သာ ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်နှင့် ကျန်မြို့နယ်များကို စစ်ရှုံး၍ လက်လွှတ်ထားရကာ AA ကမူ အာရက္ခလမ်းစဉ်၊ ရည်မှန်းချက် ပန်းတိုင်အတိုင်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့သည့် (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အလားတူ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် ကရင်နီပြည်ရှိ လွိုင်ကော်နှင့် ဘောလခဲမြို့နယ်တို့တွင်လည်း စစ်ကောင်စီအနေဖြင့် မြို့ပေါ်လောက်သာ ထိန်းချုပ်ထားနိုင်ကြောင်း IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်ထံက သိရသည်။

“ကရင်နီမှာဆိုလို့ လောလောဆယ် မြို့ပေါ် တစ်နေရာရှိမယ်။ အဲဒီနေရာတွေကလွဲရင် ကျန်တာက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ သို့တည်းမဟုတ် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

ထို့အတူ တနင်္သာရီတိုင်းရှိ မြို့နယ် လေး မြို့နယ်၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၂ မြို့နယ်၊ ပဲခူးတိုင်းရှိ မြို့နယ် ရှစ် မြို့နယ်၊ မကွေးတိုင်းရှိ မြို့နယ် ကိုး မြို့နယ်အပါအဝင် စသည့်ဒေသများ၌ စစ်ရေးပြင်းထန်လျက်ရှိသလို လေကြောင်းတိုက်ခိုက်မှုများအား စစ်ကော်မရှင်တပ်က လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ပြုလုပ်သွားမည့် ရွေးကောက်ပွဲ အပိုင်း(၁)ကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု စစ်ကော်မရှင်က ကြေညာထားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများ (EROs) ၊ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုအပြင် နိုင်ငံအများစုက လက်မခံကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MOI