ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဆက်စပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေး ဆရာနောင်ကျော် (ခ) ဦးဌေးသိန်း အသက် (၆၈) နှစ်သည် ယနေ့ ဩဂုတ် ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။

စာရေးဆရာနောင်ကျော်၏ ရုပ်ကလပ်ကို ဩဂုတ် ၂၃ ရက် (စနေနေ့) ၌ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း စာပေအသိုင်းအဝန်းထံမှ သိရသည်။

📕ဆရာနောင်ကျော်၏ ဘဝဖြတ်သန်းမှု

ဆရာနောင်ကျော်သည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ချိတ်ဆက်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး ၁၉၈၉ ခုနှစ်တွင် ထောင် ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်၌ မန္တလေးအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

📕စာပေရေးရာ

စာပေနယ်ပယ်သို့ ဝင်ရောက်လာချိန်တွင် လှိုင်းသစ်မဂ္ဂဇင်းနှင့် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတို့တွင် အယ်ဒီတာတာဝန် ထမ်းဆောင်ခဲ့သည်။ ဆရာနောင်ကျော်သည် နောင်ကျော် ကလောင်အမည်ဖြင့် ထောင်အတွင်းအတွေ့အကြုံ၊ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှု၊ လူမှုပုံရိပ်၊ သဘာဝပတ်ဝန်းကျင်အပါအဝင် တက္ကသိုလ် ဆရာဘဝနှင့် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြတ် သန်းမှု အကြောင်းများကို ရေးသားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် “ကျွန်တော်နှင့် အလှူခံများ” ရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆုရရှိခဲ့ပြီး သမိုင်းတွင်တဲ့သူ သမိုင်းဝင်တဲ့လူ၊ နှလုံးသားမှာ နှင်းများလာရိုက်ခတ်၊ သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကိုရှာကြည့်မိ၊ တောင်ပံခတ်သံရဲ့ အတွေးရသများ၊ နေရစ်တော့မန္တလေးထောင် စသည့် စာအုပ်များစွာကိုလည်း ရေးသားခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်