
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်လွှတ်ခဲ့ရသည့်နယ်မြေများကို ပြန်လည်ရယူရန် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းသုံး၍ စစ်ကြောင်းထိုးနေရာ တိုက်ပွဲပြင်းထန်ပြီး သေဆုံး မှုများပြားနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့မှစတင်ကာ အာရက္ခတပ်တော် (AA) တပ်ဆုတ်သွားသည့် သပြုတောင်၊ လိပ်ခမော်၊ ပျားတဲ စသည့်ကျေးရွာများကို အင်အား အလုံးအရင်းသုံး ထိန်းချုပ်လာပြီး မင်းတပ်တောင်နှင့် နှမ်းဖဲတောင်များဘက်ကိုပါ စစ်ကြောင်းထိုးလာကြောင်း သိရသည်။
“AA တပ်ဆုတ်သွားပြီအထင်နဲ့ စစ်တပ်ကစစ်ကြောင်း ဝင်ထိုးတာမှာ သတ်ကွင်းထဲရောက်သလိုဖြစ်ပြီး စစ်တပ်ဘက်က အသေဆုံးများတယ်”ဟု သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့တွင်လည်း အမှတ် (၃၂) ရဲတပ်ရင်း သပြုတောင်၊ ပျားတဲ၊ ပျဉ်ရှည်၊ လိပ်ခမော်၊ မင်းတပ်တောင်၊ နှမ်းဖဲတောင်တို့တွင် တိုက်ပွဲအပြင်း အထန်းဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်း မြစ်များထံမှ သိရသည်။
AA က အရောင်ပြတပ်ဆုတ်ခဲ့ပြီးနောက် ၎င်းတို့ပိုင် နက်အတွင်းရောက်မှ အင်အားသုံး တိုက်ခိုက် လာသည့် အတွက် စစ်ကော်မရှင်တပ်မှာ နယ်ကျွံပြီး သေဆုံးမှု များပြားနေသည့်အတွက် လက်နက်ကြီးများဖြင့် အလွန်အကျွံပစ်ကူပေး၍ တပ်ဖွဲ့ဝင်များကို ကယ်ထုတ်နေရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ဓညဝတီရေတပ်ဌာနချုပ်ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ ကပ်သပြေ ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ ရဲတပ်ရင်း (၃၂) ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ OGT ဓာတ်ငွေ့စက်ရုံဘက်တွင် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း လေးကြောင်းထိုးကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ရဲတပ်ရင်း (၃၂) ဘက်မှနေ၍ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ပါ စစ်ကော်မရှင် စစ်ကြောင်းမှာ AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်ဆုတ်ပြေးရပြီး ကြတ္တိန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှာလည်း တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက် သပြုတောင်ဘက်သို့ ပြန် လည်ဆုတ်ခွာထွက်ပြေးရကြောင်း သိရသည်။
AA က ယခုတဖန်ဖြစ်ပွားလာသည့် တိုက်ပွဲများတွင် တပ်ဆုတ်ပေးခြင်းမရှိတော့ဘဲ တန်ပြန်ထိုးစစ်နှင့် တိုက်ခိုက်လာသည့်အတွက် စစ်ကော်မရှင်စစ် ကြောင်းများ တပ်ဆုတ်ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ – စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ပုံဟောင်း)