ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

မြန်မာပင်လယ်ပြင်ကိုဗဟိုပြုပြီး ၂၄ နာရီအတွင်း အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုဖြစ်ပွားကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ အရှေ့တောင်ဘက် မြန်မာပင်လယ်ပြင်တွင် ယနေ့ ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီ၂၈ မိနစ်က အနက် ၂၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ယင်းဌာနကထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ ည ၇ နာရီ ၁၆ မိနစ်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာ့ ပင်လယ်ပြင်ကိုဗဟိုပြုကာ အနက် ၁၁၈ ကီလိုမီတာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၄ ဒဿ ၈ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရသည်။

” မနေ့ကညက လှုပ်တာ (ငလျင်) မသိလိုက်ဘူး။ အဲဒီအချိန်က ဘာလုပ်နေလဲမသိဘူး။ ၇ နာရီ လောက်က အိပ်လည်းမအိပ်သေးဘူး။ ဖုန်းကြည့်နေရင်းမသိတာနေမယ်။ အခုမနက်ကျ မီးဖိုချောင်မှာ ထမင်းချိုင့် ထည့်ဖို့ပြင်နေရင်းနဲ့ ငလျင်လှုပ်မှန်း သိလိုက်တာ။ ခဏလေးပဲ” ဟု အင်းစိန်မြို့နယ်နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) ကလည်း မြန်မာ့ကမ်းရိုးတန်းအနီးတွင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နေသည်ကို သတိပြုသင့်ကြောင်းနှင့် ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုး/ဇလ၊ ဧရာ၀တီတိုင်းမ်