
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်က အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ ဝင်းလိုက်ဟိုတယ်ရှေ့၌ ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ စစ်ကော်မရှင်၏ အမြောက်ပါတင့်ကားတစ်စီးကို KIA က ဖျက်ဆီး လိုက်နိုင်ကြောင်း သိရသည်။
“တိုက်ပွဲအပြင်းအထန်ဖြစ်တာ ၆ ရက်နီးပါးရှိပြီ။ စစ်တပ်ဘက်ကအထိနာပြီး တပ်ဆုတ်ပြေးရတယ်။ မြစ်ဆုံဟိုတယ်အနီးတိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က ၆၀ လောက်သေတယ်ပြောတယ်။ ဒီနေ့တော့ တင့်ကားပါထားပြီး ထွက်ပြေးရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗန်းမော်မြို့ မြို့မရပ်ကွက်ရှိ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက်ဟိုတယ်၊ စုပေါင်းရုံးဘက်ခြမ်းများတွင် တိုက်ပွဲပြင်းထန်နေခဲ့ပြီး တာမိုင်းလုံနှင့် ဗန်းမော်တက္ကသိုလ်ဘက်တွင်လည်း တိုက်ပွဲများရှိနေပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများကာ မြို့ပေါ်နေရာများတွင် နေရာယူထားသည့် တပ်ဖွဲ့များ တပ်ဆုတ်ပေးလိုက်ရကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့ကလည်း နောင်ခို၊ မင်းလှ၊ ရွှေကျီးနားဘက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရကာ စကခ ၂၁ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွာားသည့်အတွက် စစ်ကော်မရှင် အလောင်း၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများစွာကို KIA ဘက်က ရရှိခဲ့ကြောင်း သိရသည်။
ဗန်းမော် မြို့တွင်းတိုက်ပွဲမှာ ယနေ့ နံနက် ၈ နာရီခန့်မှစတင်ပြီး ပြင်းထန်ခဲ့ကာ စစ်ကော်မရှင်ဘက်မှ တင့်ကားများသုံး၍ ထိုးစစ်ဆင်လာသည့် အတွက် KIA နှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ် သည်။
ပုံစာ- ယမန်နေ့က ပျက်စီးသွားသည့် စစ်ကော်မရှင်တပ်၏ တင့်ကား
#ကချင် #ဗန်းမော် #တိုက်ပွဲပြင်းထန် #စစ်ကော်မရှင် #တင့်ကား #KIA #ဖျက်ဆီး #Ayeyarwaddy_Times