
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်ရှိ နောင်ပိန်ရွာကို စစ်ကော်မရှင်တပ်က ကြည်းနှင့်လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က နောင်ပိန် စေတီအနီးကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ သေဆုံး ထိခိုက်ခဲ့ခြင်း ဖြစ်သည်။
“နောင်ပိန်စေတီနားရယ်၊ အလယ်ဘုန်းကြီးကျောင်းနဲ့ ရဲစခန်းရှေ့ကို ပေါင် ၅၀၀ တွေနဲ့ကြဲသွားတာ။ စစ်ရှောင်အများစု ထိခိုက်သေဆုံးတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့ကလည်း နောင်ပိန်ရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် နောင်ချိုနှင့် ကျောက်မဲမြို့နယ်အစပ်ရှိ နောင်ပိန်ရွာ တောင်ဘက်အနီးက ထန်းတပင်ရွာ တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က နောင်ပိန်ရွာဘက်ကို အတွဲလိုက်ဒုံး များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့