
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ချီးမြှင့်သည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်းနေကြောင်း သိရသည်။
စစ်ကော်မရှင်ခန့် ဧရာ၀တီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့က ကွင်းကောက်၊ မြတ်ဓမ္မရောင်ခြည် ဓမ္မဘိမ္ဗာန်တွင် စစ်ရှောင်များကို ခေါ်ယူကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၆၀၀၀၀ ကျပ်ပေးပြီးနောက် နေ ရပ်ပြန်ကြရမည်ဟု မောင်းထုတ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်မှ စစ်ရှောင်လာသည့်ပြည်သူများကို ငွေကြေးပေးအပ်ပြီးနောက် စက်တင်ဘာ ၅ ရက်အတွင်း ပန်းတောကြီးမှစတင်၍ ပိန္နဲကွင်းထိကားလမ်းတစ်လျှောက်မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရမည်ဟု စစ်ကော်မရှင်တပ်မှ အတင်းဖိအားပေးပြော ဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“တင်မောင်ဝင်းတို့တောင် လေးမျက်နှာမြို့နယ်ထဲမလာရဲလို့ ကွင်းကောက်ကိုခေါ်ပြီး ပြည်သူကျတော့ မဖြစ်မနေပြန်ရမယ်တဲ့။ အကြမ်းဖက်ဖြစ်စဉ်တဲ့ သူတို့ပဲ ဗုံးကြဲသတ်လို့ပြေးရတာ။ အရှက် မရှိတာလွန်တယ်” ဟု ပြည်သူတစ်ဦး၏ ဖြေကြားချက်ကို သတင်းအထူးတပ်ဖွဲ့(ပုသိမ်)က ဖော်ပြ ထားသည်။
လေးမျက်နှာမြို့နယ်ရှိ စက်စက်ယို၊ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်အစပ်ရှိ ကျေးရွာများအပြင် ပန်းတော ကြီး၊ ပိန္နဲကွင်းစသည့်ကျေးရွာများမှာ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲသည့်အပြင် ဒရုန်းနှင့် စက်တပ်လေထီးများပါသုံး၍ ဗုံးကြဲနေသည့်အတွက် ပြည်သူများ စစ်ရှောင်နေကြရသည်။
လက်ရှိတွင်လည်း ပုသိမ်လေတပ်မှ Mi 35၊ ဂျက်ဖိုက်တာ၊ Y 12 လေယာဉ်များသုံး၍ ကင်းထောက်နေပြီး လေးမျက်နှာအစပ်ကို အထူးစုံစမ်းထောက်လှမ်းလျက်ရှိကြောင်း သိရသည်။
ပုံစာ-ဧရာ၀တီတိုင်းဝန်းကြီးချုပ်ဦးတင်မောင်ဝင်း