နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က လူငယ်များကို ဖမ်းဆီးငွေညှစ်၊ တပ်သားသစ် စုဆောင်း နေသော်လည်း ၎င်းတို့ပြုလုပ်သွားရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကိစ္စ ထည့်သွင်းဆွေးနွေးမည့် လူငယ်ဖိုရမ်ကို ရန်ကုန်မြို့တွင် မကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ” ဟု အမည်ရ ထိုဖိုရမ်ကို လာမည့်ဩဂုတ် ၃၀ မှ စက်တင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ရန်အတွက် စစ်ကော်မရှင်က ယခုရက်အတွင်း အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

“လူငယ်ကိုယ်စားပြု ဖိုရမ်လို့ပြောကတည်းက စစ်‌ခေါင်းဆောင်ရဲ့ အရှက်မရှိမှုက ဘွင်းဘွင်းကြီး ပေါ်နေပြီ။ တိုင်းပြည်ရဲ့ မျိုးဆက်တွေဟာ အခုတောထဲမှာ။ စစ်မှုထမ်းဥပဒေဆိုတဲ့ လူဖမ်းသတ်ဥပဒေနဲ့ စစ်တပ်ထဲမှာ။ တချို့ နိုင်ငံရပ်ခြားမှာ” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပြည်တွင်းနေ ကျန်ရှိလူငယ်များသည်လည်း အကြောက်တရားနှင့် ဖက်တွယ်နေရကာ စစ်ကော်မရှင်အနေဖြင့် တိုင်းပြည်ကို ဖျက်ဆီး၍ အနာဂတ်ကို ကောင်းစေချင် ဆိုသည်မှာ ရယ်စရာဖြစ်နေကြောင်း အထက်‌ဖော်ပြပါ လူငယ်က ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

စစ်ကော်မရှင်ကမူ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့် ပတ်သက်သည့် အခြေခံအသိပညာ ဗဟုသုတများရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

အဆိုပါဖိုရမ် ကျင်းပရေးအတွက် ဦးစီးကော်မတီကို စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဝန်ကြီး ဦးစိုးသိန်းတို့ကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလည်း ပါဝင်ကြောင်း သိရသည်။

“‎လူငယ်တွေကို ချနင်းဖို့သက်သက် ရည်ရွယ်တာပါ။ အပြကောင်းအောင် လုပ်နေတာ။ သူတို့စိတ်ထဲ လူငယ်ဟာ အန္တ ရာယ်ပဲလို့ တွေးနေတာ” ဟု စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့ဝင် UG လူငယ်တစ်ဦးကလည်း သုံးသပ်ထောက်ပြ မှတ်ချက်ပြုသည်။

မကြာမီ စစ်ကော်မရှင် ပြုလုပ်မည့် ထိုဖိုရမ်တွင် လူငယ်များအတွက် ပညာရေး၊ လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြောင်းအရာများကိုပါ ထည့်သွင်းထားပြီး လူငယ်များအနေဖြင့် နားထောင်ရုံသက်သက်မဟုတ်ဘဲ အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“သူတို့ထုံးစံအတိုင်း မီးစတဖက်၊ ရေမှုတ်တဖက် လမ်းစဉ်ကို နေရာတိုင်းသုံးနေတာ။ ပါးစပ်က ငြိမ်းချမ်းရေးပြောတယ်။ လူထုကို နေ့စဉ် သတ်၊ ဗုံးကြဲ၊ နေအိမ်တွေ မီးရှို့လုပ်‌‌တယ်” ဟု အမည်ဖော်ပြလိုခြင်းမရှိသည့် နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် လူငယ်များကို ပေါ်တာဆွဲ၊ စစ်ထဲသွင်း အသေခံခိုင်းပြီး တစ်ဖက်တွင် လူငယ်များအား တန်ဖိုးထား၊ အလေး ထားဟု ကမ္ဘာနှင့် ပြည်တွင်းကို လိမ်ညာရန်လုပ်သော ဖိုရမ်တစ်ခုဖြစ်သလို ကြိုတင်ဇာတ်တိုက်ထားမှုများသာ ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဖိုရမ်များ ကျင်းပခြင်းသည် ယခင်ကတည်းကရှိခဲ့သော်လည်း လက်ရှိကာလ၌ ဖိုရမ်များမှာမူ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်လာစေရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုများ ရရှိ‌စေရန် ရည်ရွယ်၍ စစ်ကော်မရှင်က ပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
ဓာတ်ပုံ-MOI