‌ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်ဖွဲ့များကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးနှင့်အပေါင်းအပါများ သေဆုံးခဲ့သည့်အတွက် အစားထိုးလွှတ်သည့် တပ်ရင်းမှူးမှာ ငြင်းဆန်သည့်အတွက် ဖမ်းဆီးထားကြောင်း သိရသည်။

ယခုလအတွင်း စက်စက်ယိုကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ကို ဧရာဝတီတော်လှန်ရေး အင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ခလရ ၂၇၁ မှ တပ်ရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါ အဝင် ပြည်သူ့စစ်လေးဦးတို့ သေဆုံးခဲ့ကာ တပ်ဆုတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“တပ်ရင်းမှူးသေပြီး တပ်နောက်ပြန်ဆုတ်သွားရတယ်လို့ ကြားတယ်။ နောက်ထပ်လွှတ်တဲ့ တပ်ရင်းမှူးကလည်း အာဏာဖီဆန်လို့ ဖမ်းခံထားရတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ရင်းမှူးအဆင့်ထိ သေဆုံးသည့်အတွက် ဒုတိုင်းမှူးရဲလင်းအောင်မှ ဆူပူကြိမ်းမောင်းကာ စက်စက်ယိုနယ်မြေဝန်းကျင်ကို ချေမှုန်းရေးပြုလုပ်နေပြီး အစားထိုးစေလွှတ်သည့် တပ်ရင်းမှူးနှင့် ဗျူဟာမှူးတို့စကားများခဲ့ကြောင်းနှင့် ခလရ ၂၇၁ တပ်ရင်းမှူးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အမြောက်တပ် ၃၄၄ ရေကြည်တွင် ထိန်းသိမ်းထားပြီး ဒုတပ်ရင်းမှူးဖြစ်သူ ကျော်ဝင်းထွဋ်ကို တပ်ရင်းမှူးနေရာသို့ အစားထိုးထားကြောင်း သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ထံမှ သိရသည်။

စစ်ကော်မရှင်က လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ရေကြည်၊ အင်္ဂပူ၊ လေးမျက်နှာနယ်မြေများကို စစ်အင်အားများ နေ့စဉ်ပို့ဆောင်နေပြီး ခံစစ်ပြင်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ပုသိမ်မြို့ရှိ စစ်ကော်မရှင်တပ်သားများ(ပုံဟောင်း)