ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဩဂုတ် ၂၀ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ကို ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့က အပြည့်အဝ ထိန်းချုပ် နိုင်ပြီ ဖြစ်ကြောင်း စစ်ကော်မရှင်က ၎င်းတို့၏ ဝါဒဖြန့် မီဒီယာမှတစ်ဆင့် ပြောဆိုကြေညာခဲ့သည်။

စစ်ကော်မရှင်က ဒီးမော့ဆိုမြို့တွင်းရှိ မြို့နယ်ခန်းမ၊ မီးသတ်၊ ဆေးရုံ စသည်တို့တွင် ဓာတ်ပုံများရိုက်၍ ၎င်းတို့သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုခဲ့သော်လည်း ဒီးမော့ဆိုမြို့မှာ ယခင်ကာလများ ကတည်းက ဒေသခံများနေထိုင်ခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့များကလည်း ကာကင်းစခန်း အချို့သာ ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဧရိယာက စစ်ရေးအရအရေးကြီးတယ်ဆိုပေမဲ့ တကယ်လက်တွေ့ကတော့ မြို့ပျက်လိုမျိုး ဖြစ်နေတယ်။ စစ်ရေးအရတော့ တချို့ပြောသလို မြိုကြီးကိုလည်ပတ်ပြီးတော့မြို့ကို စစ်အင်အား အလုံးအရင်းနဲ့ ကျွန်တော်တို့အထိုင်ချတာလုံးဝမဟုတ်ဘူးဆိုတာကတော့ပြောလိုပါတယ်” ဟု ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒီးမော့ဆိုမြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်းတွင် ဒီးမော့ဆိုမြို့၊ ငွေတောင်အခြေစိုက် စစ်ကော်မရှင်၏ ခလရ-၁၀၂ တပ်ရင်းနှင့် ခမရ-၄၂၇ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ဒေသခံများကိုနေထိုင်ခွင့်မပြုဘဲ လုံခြုံရေးအတွက် ကာကင်းအချို့နှင့်ဂိတ်စခန်း တစ်ခုသာထားရှိခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ဒီးမော့ဆိုမြို့ကို ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်း ထိုးနေစဉ်အတွင်းမှာလည်း မြို့အတွင်း ဖြတ်သန်းသွားလာသည့် ဒေသခံများကိုဖမ်းဆီးကာ ပစ်ခတ် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။

“သူတို့(စစ်တပ်) ကသုံးနေရာကို တပြိုင်နက်ဆိုင်ထားတယ်ပေါ့နော်။ ဒီးမော့ဆိုကနေ ဖရူဆိုဆက်တဲ့ လမ်းမကြီးကိုလည်းထိန်းထားတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါင်းငံခါးဘက်ကိုလည်း သူတို့က အနောက်ဘက်ခြမ်းကို ထိုးစစ်စာမျက်နှာပြနေတယ်။ နောက်ပြီးတော့အရှေ့ခြမ်းကိုလည်း ပါ‌ဒေါဒူ အထိသိမ်းထားတယ်” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။

လက်ရှိ ဒီးမော့ဆိုဒေသတွင် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကော်မရှင်၊ KNDF