(ဟားခါး)၊ဧရာဝတီတိုင်းမ်
သြဂုတ် ၂၀ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်သည့်အတွက် ကျောင်းသူနှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးသည် ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယနေ့ သြဂုတ် ၂၀ ရက်၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ဟားခါးမြို့ ပြည်တော်သာရပ်ကွက် နာရီစင်အနီးတွင် ဆိုင်ကယ်၊ ယာဥ်များ စစ်ဆေးနေစဉ် အမျိုးသား တစ်ဦးသည် စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်းထွက်သွားသည့်အတွက် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“မြို့ထဲမှာ စစ်သားတွေ၊ ရဲတွေက ဆိုင်ကယ်တွေ စစ်ဆေးတာ။ အမျိုးသားတစ်ဦးက အရေးပေါ်ကိစ္စရှိလို့ ထင်တယ်။ စစ်ဆေးမခံဘဲ ဆိုင်ကယ်မောင်းထွက်သွားတယ်။ စစ်သားတွေက နောက်က သေနတ်ပစ်တယ်။ အနားမှာရှိတဲ့ ကျောင်းသူနှစ်ပါ ထိတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသည် ဝမ်းဗိုက်တွင် ကျည်နှစ်ချက် ထိမှန်၍ ပြင်းထန်ဒဏ်ရာရပြီး စိုးရိမ်ရကာ ကျောင်းသူနှစ်ဦးသည်လည်း ခြေထောင်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“အမျိုးသားတစ်ယောက်က အပစ်ခံရတယ်ဆိုတော့ ဗိုက်မှာ နှစ်ချက်ထိမှန်သွားတယ်။ ပြင်းထန် ဒဏ်ရာနဲ့ စိုးရိမ်စရာပေါ့နော်။ အခုဆေးရုံမှာပဲ အရေးပေါ် လူနာပါ။ ခြေထောက်ထိမှန်တဲ့ ကျောင်းသူ နှစ်ယောက်ကတော့ စိုးရိမ်စရာမရှိတော့ဘူးဆိုပြီး ဆေးရုံက ဆင်းခွင့်ရပါပြီ”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားသည် ဟားခါးမြို့ခံမဟုတ်ဘဲ Surngen ရွာသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဟားခါးတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အမျာအပြားကို လုံခြုံရေး ချထားပြီး စစ်ဆေးရေးဂိတ်များနှင့် လူစည်းကားသည့်နေရာတို့တွင် စစ်ဆေးမှုများ ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်