ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် ဆေးမေတ္တာဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် တိုင်းရင်း ဆေးမျိုးစုံ ၂၆ မျိုးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသဖြင့် သုံးစွဲရန်မသင့်ဟု စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ ဩဂုတ် ၂၀ ရက်ထုတ် စစ်ကော်မရှင်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသော ဆေးဝါးများတွင် ဆေးမေတ္တာနာမည်ဖြင့် ထုတ်လုပ်သည့် ဆေးအိုး ပုတ်ဆေးကြီး၊ ယားနာလိမ်းဆေး၊ လိပ်ခေါင်းပျောက်ဆေး၊ ရှဉ့်မတက်အားတိုးဆေး၊ အစာအိမ်ရောဂါပျောက်ဆေး၊ သားအိမ်သန့်ဆေး၊ ဆီးနှင့်ကျောက်ကပ်ပျောက်ဆေး၊ အကျိတ်ဆေး၊ သွေးတိုးကျဆေး၊ နှလုံးအားဆေးအပါအဝင် လေနိုင်ဆေး၊ သက်ရင်းကြီးအဆီကျဆေးနှင့် အာရုံကြောအားတိုးဆေးများ ပါဝင်ကြောင်း သိရသည်။

တိုင်းရင်းဆေးဝါးအဖြစ် မှတ်ပုံတင်ထားခြင်းမရှိသော၊ စံမညီသောဆေးဝါးများကို ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူးခြင်းများကို လိုက်နာခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊ ၃၂ အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် မှတ်ပုံတင်ထားသောဆေးများကိုသာ စိစစ်သုံးစွဲရန် စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

လက်ရှိတွင် နိုင်ငံခြားဆေးဝါးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ရောဂါဝေဒနာရှင်များသည် ငွေကြေး သက်သာသည့် တိုင်းရင်းဆေးဝါးများကို ရွေးချယ်သုံးစွဲလာကြပြီး လူမှုကွန်ရက်စာမျက်နှာများ တွင်လည်း ကင်ဆာပျောက်ကင်းသည်ဆိုသော တိုင်းရင်းဆေးကြော်ငြာများစွာ တွေ့ရကြောင်း သိရသည်။

တိုင်းရင်းဆေးဝါးများ စံချိန်စံညွှန်းမီစေရန် ကြိုးစားလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ သုံးရုံအပါအဝင် မြို့နယ်တိုင်းရင်းဆေးခန်း ၂၁၀ နှင့် ခုတင်အရေအတွက်အလိုက် တိုင်းရင်းဆေးရုံပေါင်း ၁၀၀ ခန့် ဖွင့်လှစ်ထားကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနထံမှ သိရသည်။

ထို့သို့ မှတ်ပုံတင်ထားခြင်းမရှိသော၊ စံမညီသော တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ဖောက်ဖျက်ပါက ငွေဒဏ် ကျပ် ၃၀,၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု တိုင်းရင်းဆေးဝါးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

လက်ရှိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကော်မရှင် တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင် ကြောင်းသိရသည်။

ဓာတ်ပုံ – တိုင်းရင်းဆေးပညာဦးစီးဌာန၊ လူမှုကွန်ရက်