ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ထော်သာရွာ (ပျူစောထီး) စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့တွင် မော်လိုက်ခရိုင် တပ်ရင်း (၂၊ ၄) နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါပျူစခန်းကို သိမ်းပိုက်စဉ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃၀ ခန့်နှင့် တောင်းအင်ရွာမှ အင်အား ၅၀ ခန့်သည် စစ်ကူပေးရန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်များက ထော်သာရွာစခန်းအား အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၆၀ မမ ပြောင်းနှင့် RPG အပါအဝင် လက်နက် ၂၃ လက်၊ ခဲယမ်းအချို့နှင့် ငွေကျပ် သိန်း ၁၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဘက်မှ အလောင်း သုံး လောင်းရရှိခဲ့ပြီး ကိုး ဦး ထိခိုက်ဒဏ်ရာရရှိကာ ပျူခေါင်းဆောင် အဲပန် အပါအဝင် ပျူစောထီးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း တံတားဦးလေတပ်စခန်းမှ တက်လာသော Yak-130 လေယာဉ်ဖြင့် ဗုံး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်များပေါ်မှလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-အမှတ်(၁) စစ်ဒေသ