ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဩဂုတ် ၁၉ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကော်မရှင်၏ အရပ်သားများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်ခြင်းများနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် ဒေသခံ တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ဩဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့တွင် ပိန္နဲကုန်းရွာအတွင်းသို့ Yak-130 လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးကာ လေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးနှင့် ကား၊ ဆိုင်ကယ်များ ပျက်စီးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဩဂုတ် ၁၁ ရက်နေ့တွင်လည်း ကျောက်ပုံရွာသို့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်အတွင်းမှ အကြောင်းမဲ့ ၁၂၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ညပိုင်းတွင် စစ်ကောင်မရှင်လက်အောက်ခံ ခလရ-၈ နှင့် ခမရ-၃ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များမှာ ချောင်းပြန့်ကျေးရွာအတွင်သို့ဝင်ရောက်ပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်မှုပြုလုပ်ခဲ့ရာ နော်ပန်းကြည်(၅၀နှစ်) ကို ထိမှန်ခဲ့ပြီး သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်မှ အာဏာသိမ်းထားသည့် လေးနှစ်တာကာလတွင် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများမှာ ၇၁၀၀ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – KNU