
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းလာခဲ့ရာ ရန်ကုန် ဆေးရုံကြီးအပါအဝင် အချို့ပြည်သူ့ဆေးရုံများရှိ လုံခြုံရေးနှင့် ဝန်ထမ်းများက လူနာများကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှုများရှိနေကြောင်း လူနာများနှင့် လူနာရှင်များထံမှ သိရသည်။
ဆေးဝါးပစ္စည်းနှင့် အထွေထွေကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် နယ်မြို့များမှ ပြည်သူများသည် ပြည်သူ့ဆေးရုံများကို အားကိုး၍ ဆေးကုသရန်ရောက်ရှိလာချိန်တွင် ဆေးရုံဝန်ထမ်းများ၏ ရိုင်းစိုင်းသောပြောဆိုမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း မကွေးမှ ရန်ကုန်ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။
“ကျွန်မတို့က ကင်ဆာအတွက် နယ်ကနေ ဆေးလာကုရတာဆိုတော့ အစားအသောက်ဝယ်စားရတာ အခက်အခဲရှိပါတယ်။ ဆေးကုသတဲ့ကုန်ကျစရိတ်လည်းရှိသေးတယ်။ အဲ့ဒါ ဆေးရုံကြီးမှာ အလှူရှင် လာလှူတဲ့ထမင်းနဲ့ဟင်းဝေလို့ သွားတန်းစီပြီး ယူတာကို မောင်းထုတ်ခံရတယ်။ ဆေးစာအုပ်ပြရဲ့သားနဲ့ကို မောင်းထုတ်ခံရပြီး ရဲလက်အပ်မယ်လို့ လုံခြုံရေးဝန်ထမ်းက ပြောတယ်” ဟု ဆေးကုသမှု ခံယူနေသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များနေပြီး သားအိမ်ခေါင်းကင်ဆာကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံ၊ စပ်စံထွန်းဆေးရုံနှင့် ကင်ဆာအထူးကုဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါရှင် အမျိုးသမီးသည် အသက် ၁နှစ်၄လ အရွယ်သမီး ၊ ညီမဖြစ်သူ တို့နှင့်အတူ မကွေးမြို့မှ ရန်ကုန်မြို့ရှိ ရန်ကုန်ဆေးရုံကြီးတွင် ကီမိုဆေးသွင်းရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
“ ကီမိုဆေးသွင်းဖို့အခက်အခဲဖြစ်နေပြီး ကင်ဆာဆေးသွင်းဖို့ အာဟာရလိုအပ်တဲ့အတွက် ဆေးရုံကြီး ရှေ့မှာ ပရဟိတပေးဝေနေတဲ့ ထမင်းထုပ်ကိုတန်းစီယူတာပါ။ အပြင်လူမပေးဘူးဆိုပြီးနှင်လွတ် ခံရတယ်။ တကယ့်လူနာဖြစ်တဲ့ ကျွန်မကို အများသူငါကြားမှာ သူတောင်းစားတစ်ယောက်လို မောင်းထုတ်ခံရတဲ့အတွက် အရမ်းအရှက်ရခဲ့ရပါတယ်” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
လက်ရှိပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးနှင့် ဆေးရုံဝန်ထမ်းများ (ခရမ်းရောင်ဝတ်စုံဝတ်သူ) သည် လူနာနှင့် လူနာရှင်များကို ရိုင်းပြစွာ ပြောဆိုဆက်ဆံမှု၊ ဆူပူ ကြိမ်းမောင်းမှုများကြောင့် ဆေးရုံတက်ရောက်သူများမှာ စိတ်ပျက်နေကြရကြောင်းလည်း သိရသည်။
“သူတို့တွေက တစ်ခါမှကောင်းကောင်းမွန်မွန်မပြောဘူး။ အမြဲစိတ်မရှည်နေတာပဲတွေ့ရတယ်။ အခုက ပိုဆိုးတယ်။ ပုဂ္ဂိကဆေးရုံတွေမှာမတက်နိုင်ကြတော့ ပြည်သူ့ဆေးရုံတွေပဲလာရတယ်။ ခုတင်မရှိတာ ကြုံရတယ်။ အိမ်သာတွေလည်းသန့် ရှင်းမှုမရှိဘူး။ ဝန်ထမ်းတွေက ဆရာကြီးတွေပဲ။ သူတို့ပဲ ကြောက်နေရတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦး ကလည်း ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူ့ဆေးရုံများတွင် လူနာများကို နွေးထွေးပျူငှာစွာ ကြိုဆိုဆက်ဆံရေး၊ ပြည်သူလူထု ယုံကြည်မှု ပိုမိုရရှိရန်နှင့် လူနာမိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့နှင့်ပတ်သက်၍ မကြာခဏ ပြောကြားလေ့ရှိသော်လည်း လက်တွေ့တွင် အခြေအနေများ ဆိုးရွားနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့