ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ် ထားသည့် ကျောက်မဲမြို့ကို စစ်ကော်မရှင်က အင်အားအလုံး အရင်းသုံး၍ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။

စစ်ကော်မရှင်၏ တပ်မ (၁၁) ဦးစီးသည့် အင်အား ၇၀၀ ခန့်ပါရှိသည့် စစ်ကြောင်းသည် ယနေ့ ဩဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးနှင့်ဒရုန်းများအသုံးပြုကာ ကျောက်မဲမြို့ဘက်သို့ စစ်ကြောင်း ထိုး လာကြောင်း ဒေသခံများထံမှ သိရသည်။

“ရေအားလျှပ်စစ်စီမံကိန်းဘက်ကနေ စစ်ကြောင်းထိုးလာတယ်။ နောင်ပိန်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကြောင်း ဝင်ရောက်ဖို့ရှိနေတယ်။ ကျောက်မဲကိုအလုံးအရင်းနဲ့ ဖိမယ်ထင်တယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ စစ်ကြောင်းသည် ယမန်နေ့ ဩဂုတ် ၁၈ ရက်နေ့ညပိုင်းမှစတင်ပြီး ဂုတ်ထိပ်ချောင်း ကိုဖြတ်ကာ ယနေ့နံနက်ပိုင်းတွင် ထန်းတပင်နှင့် နောင်ပိန်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်သည် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းဘက်မှနေ၍ နောင်ပိန်ရွာဘက်ကို လက်နက် ကြီးများဖြင့် စစ် ကြောင်းထိုးလာနေပြီး နောင်ပိန်ရွာနှင့် တစ်မိုင်ကျော်ခန့်သာကွာဝေးသည့် ထန်းတပင် ရွာအတွင်းသို့ ဝင်ရောက်ကာ အရပ်သားပြည်သူများကို လိုက်လံဖမ်း ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ကလည်း ကျောက်မဲမြို့ နောင်ပိန်ရွာ ရပ်ကွက် (၅) အတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် နောင်ချိုမြို့အတွင်း ဝင်ရောက်နေရာယူပြီးနောက် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပသ်ခတ်တိုက် ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကာ ယခုမြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-TNLA
ပုံစာ-ကျောက်မဲမြို့ပေါ်တွင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)