
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၁၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်မှုမထမ်းမနေရအမိန့်ကို ထုတ်ပြန်မည်မဟုတ်ကြောင်း CDF-မတူပီ (ယခင် CDF မတူပီ၊ တပ်မဟာ- ၂) ထံမှ သိရသည်။
လက်ရှိ မတူပီမြို့ပေါ်ကို ထိန်းချုပ်ထားသော MRO/CDF-မတူပီ (ယခင် CDF-မတူပီ၊ တပ်မဟာ ၁) က ဩဂုတ်လ ၆ ရက်နေ့တွင် အသက် ၁၆ နှစ်မှ ၄၀ နှစ်အရွယ် ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းဆောင်ရ မည့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကြောင့် MRO/CDF-မတူပီ ထိန်းချုပ်နယ်မြေမှ ပြည်သူအများအပြား CDF-မတူပီ ထိန်းချုပ်ရာနယ်မြေဘက်သို့ တိမ်းရှောင် ရောက်ရှိလာကြောင်း သိရသည်။
“MRO/CDF-မတူပီကတော့ ဟုတ်တယ်။ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းတာဆိုတော့ အခု MRO/CDF-မတူပီဘက်က ပြည်သူတွေ ဒီဖက်အများကြီး ရောက်လာကြတယ်” ဟု CDF-မတူပီ စစ်ရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
MRO/CDF-မတူပီ၏ စစ်မှုမထမ်းမနေရအမိန့်ကြောင့် CDF-မတူပီ ထိန်းချုပ်ထားသော နယ်မြေ ဘက်သို့ ပြည်သူစုစုပေါင်း ၁၀၀ ကျော် လာရောက်တိမ်းရှောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မတူပီမြို့ပေါ်မှ ပြည်သူများသည် မတူပီမြို့နယ်၊ ရေဇွာမြို့၊ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်နှင့် အခြားဘေးလွတ်ရာနေရာများသို့ အသီးသီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း သိရသည်။
“စစ်မှုထမ်းအမိန့်ကို ပြဋ္ဌာန်းမယ်ဆိုရင် ပြည်သူတွေ နစ်နာမှာ စိုးလို့ အရင်ကတည်းက ပြဋ္ဌာန်း မထားပါဘူး။ ပြဋ္ဌာန်းမှာလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်၊ အဆင်မပြေဘူး” ဟု CDF-မတူပီ စစ်ရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။
တော်လှန်ရေးအစပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီသည် ဗဟိုစနစ်ဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ နှစ်စပိုင်းမှ စတင်ကာ CDF-မတူပီ၊ တပ်မဟာ (၁) ၊ တပ်မဟာ (၂) ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့နောက် CDF-မတူပီ၊ တပ်မဟာ (၁) သည် ချင်းညီနောင်နှင့် ပူးပေါင်းပြီး CDF-မတူပီ၊ တပ်မဟာ (၂) သည် ချင်းလဲန်းအစိုးရထံ အသီးသီးပူးပေါင်းခဲ့ကြသည်။
မတူပီမြို့သိမ်းတိုက်ပွဲတွင် နိုင်ငံရေး၊ စစ်ရေးအမြင်မတူညီမှုကြောင့် MRO/CDF-မတူပီ နှင့် CDF-မတူပီ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ပြန်လည်ပြေလည်ရေးအတွက် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များက ကြိုးစားနေကြောင်းလည်း သိရသည်။
လက်ရှိတွင် တပ်မဟာအသီးသီးဖြင့် မရပ်တည်တော့ဘဲ CDF-မတူပီ၊ တပ်မဟာ (၁) ကို MRO/CDF-မတူပီ အဖြစ် ပြောင်းလဲဖွဲ့စည်းထားသလို CDF-မတူပီ၊ တပ်မဟာ (၂) ကိုလည်း ယခင် CDF-မတူပီ အတိုင်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-CDF-မတူပီ